စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မြောက်ဦးက သမိုင်းဝင်ဘုရားပုထိုးစေတီတချို့ ထိခိုက်ပျက်စီး

စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မြောက်ဦးက သမိုင်းဝင်ဘုရားပုထိုးစေတီတချို့ ထိခိုက်ပျက်စီး
စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မြောက်ဦးဘုရားပုထိုးများ။ (ဓာတ်ပုံ - ပေးပို့)
စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မြောက်ဦးဘုရားပုထိုးများ။ (ဓာတ်ပုံ - ပေးပို့)

ရခိုင်ပြည်၊  မြောက်ဦးမြို့တွင် ဒီဇင်ဘာလ ၁၃ ရက်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေအတွင်းမှ ဘုရားပုထိုးစေတီတချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။   

ရတနာ့မာရ်အောင်စေတီ၊ သကျမာရ်အောင်စေတီနှင့် အနီးတဝိုက်တို့တွင် လက်နက်ကြီး/ငယ်များ ကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

“ပြန်အစားထိုးလို့မရတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို လေယာဉ်ကြီးတွေနဲ့ ဖျက်ဆီးခံနေရတာက အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ပဋိပက္ခဖြစ်ရင်တောင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို တိုက်ပွဲဖြစ်တဲ့ နှစ်ဘက်လုံးက တန်ဖိုးထား ဂရုစိုက်သင့်တယ်” ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီက မြို့၊ ရွာ၊ ရပ်ကွက်များအပြင် ရှေးဟောင်းအမွေအနှစ်များကိုပါ ရှောင်ရှားခြင်းမရှိဘဲ ဖျက်ဆီးလာနေခြင်း ဖြစ်သည်။ မြောက်ဦးသည် ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးစေတီများ၊ ကျောက်ဆစ် ဗိသုကာလက်ရာများဖြင့် ထင်ရှားပြီး ရခိုင်လူမျိုးတို့ တန်ဖိုးထားကြသော ဒေသတစ်ခုဖြစ်သည်။

သမိုင်းအမွေအနှစ်များစွာရှိသော မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်နိုင်ရေးအတွက်လည်း ကြိုးပမ်းလျက်ရှိသည်။

“စစ်ကောင်စီက AA ကို တိုက်လို့မနိုင်လို့ ရမ်းပစ်နေတာလေ။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုပြီး တန်ဖိုးထားရကောင်း၊ ထိန်သိမ်းရကောင်းမှန်း မသိကြတော့ဘူး။ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကိုတောင် တန်ဖိုးမထားတဲ့သူတွေက ရှေးဟောင်းအမွေအနှစ်ဆိုပြီး ဘယ်ဂရုစိုက်မှာလဲ” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးအောင်သောင်းရွှေက ပြောသည်။

မြောက်ဦးရှေးဟောင်းသမိုင်းဝင် နယ်မြေအတွင်းရှိ သာသနိကအဆောက်အအုံများကို စစ်ကောင်စီက MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘုရားပုထိုးစေတီများ ပျက်စီးသွားခဲ့ကြောင်း AA က ဒီဇင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဘုရားပုထိုးကြားမှ AA က ပစ်ခတ်မှုများရှိ၍ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ရခိုင်စစ်ရေးကာလကလည်း စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး/ ငယ်များဖြင့် ပစ်ခတ်မှုတို့ကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးများ ထိခိုက်ပျက်စီးခဲ့ရသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...