ကျောက်ဖြူဒေသခံများကို ရိက္ခာဖြတ်ထားသည့် စစ်ကောင်စီက အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် ဆက်လုပ်နေ

ကျောက်ဖြူဒေသခံများကို ရိက္ခာဖြတ်ထားသည့် စစ်ကောင်စီက အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် ဆက်လုပ်နေ
ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်း ဆိပ်ခံတံတားတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက တွေ့ရစဉ်။
ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်း ဆိပ်ခံတံတားတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက တွေ့ရစဉ်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်ကာ ဒေသမတည်မငြိမ်ဖြစ်နေသော်လည်း တရုတ်အစိုးရ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) ကို အကောင်အထည်ဖော်ဆောင်ရန် စစ်ကောင်စီက ဆက်လက်ကြိုးပမ်းလျက်ရှိသည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၁ ရက်က ကျင်းပခဲ့ပြီး သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အထူးစီးပွားရေးဇုန်အဖွဲ့ ဥက္ကဌ ဦးအောင်နိုင်ဦးက ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြုပ်နှံရန် တင်သွင်းထားသော နိုင်ငံသားကုမ္ပဏီများအား မကြာမီ စိစစ်ရွေးချယ်သွားမည်ဟု ပြောခဲ့သည်။

ယင်းအပြင် ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်ချိန်တွင် ဒေသခံများအပါအဝင် နိုင်ငံသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားရေး အစီအစဉ်များကို ပြင်ဆင်ထားကြရန် ဦးအောင်နိုင်ဦးက ညွှန်ကြားခဲ့သည်။

လက်ရှိအချိန်သည် ရခိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ကာ ပြည်သူများကို ရိက္ခာဖြတ်တောက်ထားသည့် အချိန်ဖြစ်သည်။ ယင်းကြောင့် စစ်ကောင်စီက SEZ ဖြစ်မြောက်အောင် ကြိုးပမ်းနေခြင်းမှာ ၎င်းတို့၏ အကျိုးစီးပွားနှင့် တရုတ်အတွက်သာဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ကျောက်ဖြူမှာ လမ်းတွေပိတ်ပြီးတော့ ဒေသခံတွေကို ရက်ရက်စက်စက် ရိက္ခာဖြတ်တောက်နေတယ်။ ပြီးတော့ စီမံကိန်းတွေပြီးခဲ့ရင် ဒေသခံတွေ လူမှုဘဝတိုးတက်မယ်တဲ့။ စစ်ကောင်စီရဲ့ အလုပ်နဲ့အပြော တခြားစီဖြစ်နေတယ်။ ဒေသဖွံ့ဖြိုးရေးကို တကယ်စေတနာရှိတယ်ဆိုရင် ပြည်သူတွေ လက်ရှိကြုံနေရတဲ့ အငတ်ဘေးကလွတ်အောင် လမ်းတွေကို အရင်ဖွင့်ပေးပါလို့ပဲ ပြောချင်တယ်” ဟု ကျောက်ဖြူဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် အကြောင်းပြချက်များဖြင့် ကျောက်ဖြူ SEZ ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေသော်လည်း လက်ရှိအခြေအနေအရ မဖြစ်နိုင်သေးကြောင်း ရှုမြင်ကြသည်။

“စီမံကိန်းပြီးရင် ဒေသဖွံ့ဖြိုးလာမယ်လို့ ပြောကြပေမယ့် အကျိုးခံစားခွင့်နဲ့ပတ်သက်ပြီးတော့ သေချာတဲ့ဥပဒေ ရေးဆွဲထားတာ မရှိသေးသလို ဘယ်သူမှလည်း အာမခံလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အားလုံးက စစ်ကောင်စီ လက်ထဲမှာပဲ။ ဒါကြောင့် ပြည်သူတွေဒုက္ခရောက်နေတဲ့ အခြေအနေမျိုးမှာတောင် သူတို့က မျက်နှာပြောင် တိုက်ရဲနေကြတာ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ပါဝင်ပြီး ရေနက်ဆိပ်ကမ်းကို ဦးစွာအကောင်အထည်ဖော်ရန် တရုတ်နှင့် မြန်မာကြား သဘောတူထားကြသော်လည်း မည်သည့်နေ့တွင် စတင်အကောင်အထည်ဖော်မည်ကိုမူ ပွင့်လင်းမြင်သာစွာချပြထားခြင်း မရှိပေ။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် မြေဧက ၃၇၀ နှင့် ရမ်းဗြဲမြို့နယ်တွင် မြေဧက ၂၃၇ ဧက စုစုပေါင်း ၆၀၇ ဧကကို စီမံကိန်းဇုန်အဖြစ် သတ်မှတ်ထားသည်။ International Commission of Jurists (ICJ) ၏ ၂၀၁၇ အစီအရင်ခံစာအရ ရေနက်ဆိပ်ကမ်းဧရိယာထဲက လူဦးရေ ၂၀,၀၀၀ ခန့်မှာ နေရာ ရွှေ့ပြောင်းရမည့်အထဲတွင် ပါဝင်နေကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...