ရခိုင်တွင် တက္ကသိုလ်များ ဖွင့်ထားသော်လည်း ကျောင်းတက်သူမရှိ

ရခိုင်တွင် တက္ကသိုလ်များ ဖွင့်ထားသော်လည်း ကျောင်းတက်သူမရှိ

ရခိုင်ပြည်တွင် တက္ကသိုလ်များကို ဖွင့်လှစ်ထားသော်လည်း လမ်းခရီးပိတ်ထားခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် စက်သုံးဆီပြတ်လပ်နေခြင်း တို့ကြောင့် ကျောင်းတက်ရောက်သူ မရှိဖြစ်နေကြောင်း သတင်းရရှိသည်။

စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)နှင့် တောင်ကုတ်တက္ကသိုလ် တို့တွင် ကျောင်းသားများမရောက်ဘဲ တာဝန်ရှိသူများကသာ တက္ကသိုလ်ကို ပုံမှန်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

“Day(နေ့သင်တန်း)ကတော့ နိုဝင်ဘာ ၂၃ ရက်ကစလို့ တက်ကြရမှာ။ အခုက စစ်တပ်က လမ်းတွေကို ပိတ်ထားတော့ နယ်ကကျောင်းသားတွေလည်း လာလို့မရ၊ မြို့ကကျောင်းသားတွေလည်း ဆီစရိတ်မတတ်နိုင်တာနဲ့ လုံခြုံရေးအခြေနေတွေကြောင့် ဘယ်သူမှကျောင်းမတက်သေးဘူး” ဟု စစ်တွေတက္ကသိုလ်မှ သင်္ချာအထူးပြု ကျောင်းသားတစ်ဦးက ပြောသည်။

စစ်တွေတက္ကသိုလ်တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်မှုရှိခဲ့ပြီးနောက် မိုင်းနှင့် စစ်လက်နက်အန္တရာယ်ကို ကျောင်းသားများက စိုးရိမ်နေကြသည်။

စစ်တွေတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စာရင်းသွင်းထားသည့် ကျောင်းသား ၆,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ကျောင်းအပ်နှံထားသည့် ကျောင်းသား ၄,၀၀၀ ကျော်ခန့်ရှိကြောင်း တက္ကသိုလ်စာရင်းအရ သိရသည်။

စစ်တွေတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ကျောင်းပုံမှန်လက်ခံနေပါတယ်။ ကျောင်းသားတွေ ကျောင်းတက်ရောက်မှုက အတန်းကြီးတွေလောက်ပဲ လူဦးရေ ၂၀ ဝန်းကျင်လောက် တက်ကြသေးတယ်။ အတန်းငယ်တွေကတော့ လုံးဝ မတက်ကြသေးဘူး” ဟု ပြောသည်။

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်တွင်လည်း ကျောင်းတက်ရောက်သူ လုံးဝ မရှိသေးကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက “ဆရာမတွေကတော့ တချို့ကျောင်းသားတွေကို ကျောင်းတက်ဖို့ ခေါ်ကြတာရှိတယ်။ ကျောင်းသားတွေကတော့ လုံခြုံရေးအာမခံချက်မရှိတာနဲ့ စက်သုံးဆီပြတ်နေလို့ ကျောင်းမတက်ကြဘူး” ဟု ပြောသည်။

ထို့အပြင် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင်လည်း ကျောင်းသားများ ကျောင်းတက်ရောက်မှု လုံးဝမရှိသေးဘဲ နောက်ဆုံးနှစ်ကျောင်းသားများအား ကျောင်းတက်ရန် ဖိအားပေးမှုများရှိကြောင်း ကျောင်းသူတစ်ဦးကပြောသည်။

“တစ်ယောက်မှ ကျောင်းမတက်သေးဘူး။ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူတွေကိုတော့ ဆရာမတွေက ကျောင်းတက်ခိုင်းတာရှိတယ်။ ‘သူတို့ စာသင်တော့မယ် လာမတက်ရင် ဘွဲ့မရဘူး’ ဆိုပြီးတော့ ပြောတယ်” ဟု သူကပြောသည်။

ရခိုင်ပြည်တောင်ပိုင်းရှိ တောင်ကုတ်တက္ကသိုလ်တွင်လည်း လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကျောင်းတက်ရောက်သူ မရှိသေးကြောင်း DMG က စုံစမ်းသိရှိရသည်။

ထို့အပြင် စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၊ ပညာရေးကောလိပ်(ကျောက်ဖြူ)၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (သံတွဲ၊ ကျောက်ဖြူ) တို့တွင်လည်း ကျောင်းသားများ ကျောင်းတက်ရောက်မှု မရှိကြသေးဟု သိရသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲကြောင့် စစ်ကောင်စီက မြို့နယ်တိုင်းကို လမ်းပိတ်ဆို့ထားပြီး တက္ကသိုလ်များအပါအဝင် အခြေခံပညာကျောင်းများကိုဖွင့်လှစ်ရန် ညွှန်ကြားထားသော်လည်း ကျောင်းသားများမှာ လုံခြုံရေးအာမခံချက် မရှိသဖြင့် ကျောင်းမတက်ကြခြင်း ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...