ဒီဇင်ဘာလ ပထမနေ့တွင် KIO လိုင်ဇာဌာနချုပ် လက်နက်ကြီး ပစ်ခံရ

ဒီဇင်ဘာလ ပထမနေ့တွင် KIO လိုင်ဇာဌာနချုပ် လက်နက်ကြီး ပစ်ခံရ
လိုင်ဇာမြို့ပုံ(ပုံဟောင်း)
လိုင်ဇာမြို့ပုံ(ပုံဟောင်း)

KIO ဗဟိုဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာတင် ခရာဘွမ့်နဲ့ ဘွမ့်ရေဘွမ့် စစ်ကောင်စီတပ်စခန်း ၂ နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ခရစ္စယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်လကို ကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲကို အခွင့်ကောင်းယူပြီး ရည်ရွယ်ချက်ရှိ လုပ်ဆောင်တာဖြစ်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို အခုလိုပြောပါတယ်။

“သူတို့က ခရစ္စမတ်ကြိုတဲ့ပွဲကို ရည်ရွယ်ပြီးတော့ ပစ်တယ်လို့ပဲမြင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ပွဲလုပ်နေတယ်ထင်ပြီး လူစုလူဝေးရှိနေတယ်လို့ ယူဆပြီး ရမ်းပစ်တယ်လို့ မြင်ပါတယ်။ တခြားထိခိုက် တာမျိုးလည်း မရှိပါဘူး။ လက်နက်ကြီးကျတာလည်း ဒီကနေ အလှမ်းဝေးသေးတယ်”လို့ပြောပါတယ်။

ပစ်ခတ်ခံရတဲ့အချိန်မှာ ည ၁၂ နာရီတိတိအချိန် ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီဘက်နေ ဆုတောင်းပွဲ လူစုလူဝေး ပြုလုပ်နေတဲ့အချိန်ကို မှန်းဆပြီး ပစ်ခတ်တာဖြစ်တယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ လိုင်ဇာဘက်ကို ကျရောက်မှုနည်းပါးခဲ့ပြီးတော့ မိုင်ဆပ်ပါနဲ့ နမ်ဆန်ယန်ဘက်ကို လက်နက်ကြီး ၁၀ လုံးကျော်ထက်မနည်း ကျရောက်ပေါက်ကွဲမှုရှိတယ်လို့ ပြောပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလကနေ စစ်ကောင်စီအားတွေကို တိုးချဲ့ပြီး နေရာဒေသအသီးသီမှာ တိုက်ပွဲတွေ ဆင်နွှဲဖို့ ပြင်ဆင်လာနိုင်တဲ့အကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

KIO လိုင်ဇာဌာနကို စစ်ကောင်စီဘက်နေ လေကြောင်းလိုင်းအပြင် လိုင်ဇာအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း နေရာတွေကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ ပုံမှန်လုပ်ဆောင်နေတာဖြစ်ပြီး နိုဝင်ဘာလထဲမှာတင် လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခံရမှုရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁ ရက် ဒီကနေ့မှာလည်း မိုးညှင်းခရိုင် ထဲမှာရှိတဲ့ KIA တပ်မဟာ ၈ လက်အောက် တပ်ရင်း ၅ နယ်မြေမှာရှိ နောင်ဂမ် ရွှေငြိမ်းချမ်း ခလရ ၁၀ စစ်ကောင်စီကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“အဲနေရာမှာ မနေ့ကနေ သူတို့ တိုက်ပွဲဖြစ်နေတာဖြစ်တယ်။ ဒီမနက်မှ အပြီးသိမ်းနိုင်တယ်လို့ ပြောလာတယ်။ အခု စစ်ကောင်စီဘက်ကနေ လေကြောင်းလိုင်းနဲ့ ပြန်လာပစ်နေတာလို့လည်းသိရတယ်။ အဲဒါကြောင့် သတင်းက အသေးစိတ်ပြောပြဖို့ခက်နေသေးတယ်။ စခန်းသိမ်းနိုင်တာက သေချာပါတယ်”

အဲဒီတပ်စခန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ KIA ဘက်ကနေ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA တပ်မဟာ ၈ မှာရှိတဲ့ တာဝန်ရှိသူ တစ်ယောက်က KNG ကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီဘက်ကနေ လေကြောင်းလိုင်းနဲ့ လာရောက်တိုက်ခိုက်နေတာကြောင့် ထိခိုက်သေဆုံမှုအခြေအနေ အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေဆဲလည်းဖြစ်ပါတယ်။

ပုံ-လိုင်ဇာမြို့ပုံ(ပုံဟောင်း)

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...