လောက်ကိုင်-ကွမ်းလုံ-သိန္နီလမ်းမှ ဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်လာသူများ လားရှိုးမြို့သို့ ဝင်ခွင့်မရ

လောက်ကိုင်-ကွမ်းလုံ-သိန္နီလမ်းမှ ဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်လာသူများ လားရှိုးမြို့သို့ ဝင်ခွင့်မရ

သျှမ်းပြည် လောက်ကိုင်မြို့မှ ဆိုင်ကယ်ဖြင့် နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များသည် လောက်ကိုင်-ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီလမ်းမှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာရာ မြို့တွင်းသို့ ဝင်ခွင့်မရကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၂၆ ရက်မှစ၍ လောက်ကိုင်မြို့မှ ထွက်ခွာသည့် ထောင်နှင့်ချီသည့် နေရပ်ပြန် စစ်ဘေးရှောင်များတွင် ပါစင်ကျော်ကျေးရွာမှ ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီ လမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် နေရပ်ပြန်သူများအထဲမှ ၄၀၀ ကျော်သည် လားရှိုးမြို့သို့ ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်) ညအချိန်တွင် စတင်ရောက်ရှိလာကြောင်း လားရှိုးမြို့ ဒေသခံများက ပြောသည်။

“မနေ့က ညနေလောက် ရောက်တာ စုစုပေါင်း ၄၀၀ ကျော်လောက် ရှိတယ်။ လားရှိုးမြို့ထဲကို ပေးမဝင်တော့ ရုတ်တရက်ကြီး ဟိုပိတ်ဘုန်းကြီးကျောင်းမှာ လာနားကြရတာ။ ဒီမနက်လဲ မနက်စာထမင်းစားပြီး ခရီးဆက်ကြတဲ့လူတွေလည်းရှိတယ်။ ဘုန်းကြီးကျောင်းမှာ နားနေသေးတာလည်းရှိတယ်။ ၊ ဆိုင်ကယ်နဲ့ ထပ်ရောက်လာတာလည်း ရှိတယ်”ဟု လားရှိုးမြို့မှ စစ်ဘေးရှောင် ကူညီနေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့နယ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ လားရှိုးမြို့ထဲသို့ ဝင်ခွင့်မပေးဘဲ လောက်ကိုင်မြို့မှ ဆိုင်ကယ်ဖြင့် ထွက်ပြေးတိမ်းရှောင်လာသူများလည်း ထောင်နှင့်ချီ ထပ်မံရောက်လာနိုင်ကြောင်း လောက်ကိုင်မြို့မှ နေရပ်ပြန် စစ်ဘေးရှောင်များက ပြောသည်။

လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူများသည် ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီ လမ်းမကြီးအတိုင်း ခရီးနှင်လာပြီး သိန္နီမြို့မှ လားရှိုးမြို့အကြားတွင် တောလမ်းမှတဆင့် ထပ်မံလာရောက်ရကြောင်း လောက်ကိုင်မြို့မှ နေရပ်ပြန် စစ်ဘေးရှောင်များထံမှ သိရသည်။

“လောက်ကိုင်ကနေ ပါစင်ကျော်ဂိတ်အထိ ကိုးကန့်တပ် MNDAA စစ်သားတွေ လာပို့တာ။ အဲ့ဂိတ်မှာ သူတို့က လူခွဲတယ်။ တချို့လူကို ဖုန်းပေးမယူဘူး။ တိုင်းရင်းသားတွေကိုတော့ မစစ်ဘူး။ ၁၀ ဘီးကားတွေနဲ့ ပို့ပေးနေတာလည်းရှိတယ်။ အဲ့ကြားမှာ ဆိုင်ကယ်ပျက်လို့ ပစ်ထားခဲ့ရပြီး လမ်းလျှောက်လာရတဲ့သူတွေလည်း အများကြီးပဲ။ လမ်းတစ်လျှောက် တစ်ရွာဝင် တစ်ရွာထွက်တိုင်း ကိုးကန့်တပ်သားတွေ စစ်တာတော့ ရှိတယ်”ဟု လားရှိုးမြို့နယ်တွင် ရောက်ရှိနေသည့် လောက်ကိုင်မြို့မှ စစ်ဘေးရှောင်လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နိုဝင်ဘာလ ၂၆ရက်မှ ၂၈ ရက်နေ့အထိ လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် စစ်ဘေးရှောင်ဦးရေ ၃ သောင်းကျော်ခန့်ကို ပါစင်ကျော်ကျေးရွာမှတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း ကယ်ထုတ်ပေးနေပြီး ချင်းရွှေဟော်မှတစ်ဆင့် “ဝ” ဒေသ နမ့်တစ်မြို့သို့ ပို့ဆောင်ပေးနေကြောင်း ကိုးကန့်မီဒီယာမှ ထုတ်ပြန်ထားသည်။

အလားတူ လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာပြီး “ဝ”ဒေသ နမ့်တစ်မြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို “ဝ”တပ်ဖွဲ့ UWSA မှ ၁၀ ဘီးကားကြီးများဖြင့် မန်မန်းဆိုင်မြို့မှတဆင့် တန့်ယန်းမြို့ဘက်သို့ ဆက်လက်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ (နိုဝင်ဘာ ၂၉ ရက်)အထိ စစ်ဘေးရှောင်ဦးရေ ၁ သောင်းကျော်ကို ပို့ဆောင်ပေးထားကြောင်း “ဝ”တပ်ဖွဲ့ UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း၏ လူမှုကွန်ယက်တွင်‌ ဖော်ပြထားချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ထုတ်ဖော်ပြောကြားမှုကြောင့် လောက်ကိုင်မြို့အနီး တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အကြိမ်ကြိမ် ပစ်ခတ်နေသည့်အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် စခန်းကုန်းအချို့ကိုလည်း လေကြောင်းမှ ပစ်ခတ်နေသောကြောင့် မြို့တွင်းနေ ဒေသခံပြည်သူ သောင်းနှင့်ချီ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရကြောင်း လောက်ကိုင်ဒေသခံများက ပြောသည်။

ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
August 24, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/...
ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...