ရခိုင် ပထမရက်တိုက်ပွဲအတွင်း စခန်းတချို့သိမ်းပိုက်ရရှိထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားဟု AA အတည်ပြု

ရခိုင် ပထမရက်တိုက်ပွဲအတွင်း စခန်းတချို့သိမ်းပိုက်ရရှိထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားဟု AA အတည်ပြု

နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ပထမရက် ရခိုင်စစ်ပွဲ အတွင်း စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ရရှိထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာသို့  ထုတ်ဖော်ပြောဆိုသည်။

"ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်နေတာတော့ ရှိတယ်ဗျ။ စခန်းတချို့ သိမ်းပိုက်ရရှိထားတာလည်းရှိတယ်။ တချို့ နေရာတွေမှာ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ ရှိတယ်။ အရာရှိတချို့ ဖမ်းဆီးရမိထားတာလည်း ရှိတယ်လို့တော့ သိရတယ်။ အခြေအနေအသေးစိတ်တွေကို ညနေဘက်လောက်မှ အချက်အလက်တွေအကုန်ရပြီးတော့မှ ထုတ်ပြန်သွားဖို့ရှိပါတယ်" ဟုပြောသည်။

စခန်းသိမ်းပိုက်ရရှိမှု နှင့် အရာရှိဘယ်နှစ်ဦး ဖမ်းဆီးမိထားသည်တို့ကိုမူ အသေးစိတ်ဖြေကြားခြင်း မရှိခဲ့ပါ။

ယနေ့ နံနက် ၅ နာရီအချိန်ခန့်က ရသေ့တောင် နယ်ခြားစောင့်စခန်းများ ဖြစ်သည့် ချိန်ခါလီ စခန်းနှင့် ဒုံးပိုက် စခန်း ၂ခုကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခု အေအေက သိမ်းပိုက်သွားသည့် စခန်းနှစ်ခုသည် ရသေ့တောင်မြို့နယ် တောင်ပိုင်း အငူမော်- မောင်တော ကားလမ်းပေါ်တွင် တည်ရှိသည်။

ယင်းအပြင်မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနီး ရှိပြည်ထောင်စု  ကားလမ်းမကြီးတွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ လိုက်လံ တိုက်ခိုက်  ရာမှ နှစ်ဘက်အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကားနှစ်စီး မီးလောင်သွားကာ တပ်ဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရသည်ဟု သိရသည်။

မြောက်ဦးမြို့တွင်လည်း သေနတ်ပစ်ခတ်မှု ဖြစ်ပွါးပြီး သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။ သို့သော် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

လက်ရှိမှာ တိုက်ပွဲအခြေအနေများကြောင့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ရသေ့တောင် စသည့်မြို့နယ်များတွင် စျေး နှင့် ကျောင်းများကို ပိတ်ထားရပြီး စစ်တပ်ကလည် ရခိုင်ပြည်နယ်အတွင်းမှ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ထားသည့်အတွက် ခရီးသွားတချို့ ပိတ်မိနေကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...