ဖမ်းဆီးခံ DMG သတင်းထောက်ကို နိုဝင်ဘာ ၁၃ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်မည်

ဖမ်းဆီးခံ DMG သတင်းထောက်ကို နိုဝင်ဘာ ၁၃ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်မည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မကြာသေးခင်က ဖမ်းဆီးခံလိုက်ရသည့် Development Media Group (DMG) သတင်းဌာနမှ သတင်းထောက်ဖြစ်သူကို လာမည့် နိုဝင်ဘာလ ၁၃ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး မည်ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ထိုနေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ပြီး ရုံးထုတ်စစ်ဆေးစဥ် ကိုထက်အောင်အား မိသားစုများနှင့်တွေ့ခွင့်ပေးစေလိုသည်ဟု မိသားဝင်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

မိသားစုဝင်တစ်ဦးက “ရုံးထုတ်တဲ့အခါတော့ သူနဲ့တွေ့ချင်တယ်။ တွေ့ခွင့်ပေးစေချင်တယ်။ ဒါမှ သူကျန်းကျန်း မာမာရှိနေလား။ ဘာဖြစ်နေလဲဆိုတာသိရမှာ” ဟု ပြောသည်။

သတင်းထောက် ကိုထက်အောင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ ဖြင့် အမှုဖွင့်ထားပြီး မည်သူက တရားလိုပြု လုပ်ကာ မည်သည့်အကြောင်းအရင်းကြောင့် အမှုဖွင့်လှစ်ခြင်းကိုမူ မသိရသေးဘူးဟု ဆိုသည်။

သတင်းထောက် ကိုထက်အောင်နှင့်အတူ DMG သတင်းဌာနမှ ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ပြီးခဲ့ သည့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်တွေမြို့၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ နှစ်ဦးအနက် သတင်းထောက်ဖြစ်သူ ကိုထက်အောင်မှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ ဖြင့် အမှုဖွင့်ခံလိုက်ရခြင်း ဖြစ်ပြီး ညစောင့်ဖြစ်သူ၏ လက်ရှိအခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ ဆိုသည်မှာ မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရ မည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု မြန်မာဥပဒေ သတင်းအချက်အလက်စနစ် ပြဋ္ဌာန်းချက် ရှာဖွေရေး တွင် ရေးထားသည်။

၎င်းတို့ နှစ်ဦးအား ဖမ်းဆီးခံရသည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်တွေမြို့ အမှတ်(၁)ရဲစခန်း၌ ထိန်းသိမ်း ထားခဲ့သော်လည်း နောက်တစ်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်တွင်မူ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး သို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။

လက်ရှိတွင် DMG သတင်းဌာနမှ ဖမ်းဆီးခံရသည့် ဝန်ထမ်းနှစ်ဦးစလုံးအား စစ်တွေမြို့ အမှတ် (၁)ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းတို့အတွက် ထမင်း၊ ဟင်းများကို မိသားစုများက ပို့ဆောင်ပေးနေခြင်းဖြစ်ကာ လူချင်း တွေ့ဆုံခွင့် မပေးသေးကြောင်း မိသားစုဝင်များက ပြောသည်။

DMG သတင်းထောက် ကိုထက်အောင်သည် အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ) နံနက်ပိုင်း တွင် စစ်တွေမြို့၊ ဝင်္ကပါကွင်း၌ ပြုလုပ်သည့်  ဆွမ်းတော်ကြီးလောင်းပွဲသို့ သတင်းဓာတ်ပုံသွားရောက် ရိုက်ကူး ရာတွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ထို့နောက် စစ်တွေမြို့ရှိ DMG ရုံးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အထူးရဲတပ်ဖွဲ့ (SB) အပါအဝင် အင်အား ၂၀ ကျော်ခန့်က ဝင်ရောက်စီးနင်းခဲ့ကာ ရုံးရှိ ကင်မရာ၊ ကွန်ပျူတာနှင့် ရုံးဆက်စပ် ပစ္စည်းများကိုပါ သိမ်းယူခဲ့ပြီး ညစောင့်ဝန်ထမ်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အလားတူ DMG ရုံးကိုလည်း ချိပ်ပိတ်သွားခဲ့သည်ဟု ရုံးတာဝန်ရှိသူများက ပြောသည်။

DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၂) နှင့် ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ်အစိုးရ၏ သတင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။

ထို့အပြင် DMG သတင်းဌာနက တာဝန်ခံအယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးတို့လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...