ဘာသာရေးအဆောက်အအုံများ ဖျက်စီးခံရမှုကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆုံးရှုံးလာရတဲ့ ချင်းပြည်

ဘာသာရေးအဆောက်အအုံများ ဖျက်စီးခံရမှုကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆုံးရှုံးလာရတဲ့ ချင်းပြည်

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဖက်ခြမ်းမှာတည်ရှိပြီး လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄ သိန်း ၇ သောင်းကျော် ပြည်နယ်တွင်းမှာ နေထိုင်လျက် ရှိကြပါတယ်။ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုမတိုင်ခင် ဘာသာရေးဆိုင်ရာ အခွင့်အရေးတွေ ချိုးနှိမ် မှုတွေ ရှိခဲ့ပေမယ့် အေးချမ်းစွာ ဝတ်ပြုကိုးကွယ်မှုကို ပြုလုပ်နိုင်ခဲ့ ကြပါတယ်။

စစ်ကောင်စီရဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ချင်းပြည်နယ်တွင်းက လူဦးရေ ၂၀ ရာခိုင်နှုန်းဟာ နယ်စပ်ဒေသနဲ့ ပြည်တွင်းအခြားနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ရပြီး ဘုရားဝတ်ပြုမှုကိုလည်း အဆင်ပြေ သလို လုပ်ဆောင်နေကြရတဲ့ အနေအထားရောက်သွားပါတယ်။  

၂၀၂၁ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ သိသာထင်ရှားတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ဖြိုဖျက်တာတွေ ချင်းပြည်နယ်အတွင်းမှာ တောက်လျှောက်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ဖျက်ဆီးတာ၊ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာ၊ ဘာသာရေး အဆောက်အအုံအတွင်း ဝင်ရောက်တပ်စွဲပြီး အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာ၊ ဘုရားကျောင်းတွင်းက အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ တောက်လျှောက်ဖြစ်ပျက်နေပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုအတွက် နှစ်စဉ်မှတ်တမ်းပြုစုတဲ့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) ရဲ့ အစီရင်ခံစာအရ အရင်ခေတ်အဆက်ဆက်ကတည်းက အာဏာရှင်တွေဟာ ချင်းပြည်နယ် အတွင်းမှာရှိတဲ့ ခရစ်ယာန် ယုံကြည်သူတွေရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ လက်ဝါးကပ်တိုင် (၁၃) ခုကို အာဏာသုံး ဖြိုလဲခဲ့တယ်လို့ မှတ်တမ်းတင်ထားကြပါတယ်။  

အဲ့ဒီအထဲမှာ ခရစ်ယာန်တွေ အထွက်အမြက်ထားပြီး တည်ဆောက်တဲ့ ပေ(၂၀)ကျော် အမြင့်ရှိ လက်ဝါးကား တိုင်တွေလည်း အပါအဝင်ဖြစ်ပြီး၊ တချို့နေရာတွေမှာ ဖြိုလဲခံရတဲ့ လက်ဝါးကပ်တိုင် နေရာတွေမှာ ဗုဒ္ဓဘာသာ ဝင်တွေရဲ့ စေတီတွေကို အစားထိုးဆောက်လုပ်တာမျိုးတွေ အရင်အာဏာရှင်စနစ်ကတည်းက ရှိခဲ့တာပါ။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်းက ဘာသာရေးအဆောက်အအုံပေါင်း (၉၅) ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး အဲ့ဒီအထဲမှာတော့ အများစုက ခရစ်ယာန် ဘုရားကျောင်းတွေ ဖြစ်ကြပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံ(၅)ခုလည်း ပါဝင်တယ်လို့  ချင်းလူအခွင့်အရေး အဖွဲ့အစည်းဖြစ်တဲ့ Chin Human Rights Organization (CHRO) က ဒီနှစ်အတွင်း ထုတ်ပြန် ခဲ့ပါတယ်။

CHRO ရဲ့ထုတ်ပြန်ချက်အရ ချင်းပြည်နယ်အတွင်းက ခရစ်ယာန် ဘာသာရေး အဆောက်အအုံတွေဟာ စစ်ရေး ပစ်မှတ်တစ်ခုလို ဖျက်ဆီးခံနေရတဲ့အတွက်ကြောင့် ခရစ်ယာန် ဘာသာဝင်တွေအတွက် ဝတ်ပြုကိုးကွယ်တဲ့ အချိန်မှာ အချိန်မရွေး ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့အတွက် အလွန်အမင်း စိုးရိမ်နေရတဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချင်းပြည်နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်း ထိုးလာတဲ့အခါမှာ အဲ့ရွာရဲ့ ဘုရားကျောင်းတွေကို အကာအကွယ်ယူပြီး တပ်စွဲလေ့ရှိကြတာတွေဟာ ဘုရားကျောင်းတွေကို စစ်ဆင်ရေး အပေါ် အကာအကွယ်အနေနဲ့ အသုံးပြုနေတယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်ကနေ ပြည်သူဖက်ပါလာတဲ့ တပ်သား တွေက ပြောပါတယ်။

“အရာရှိတွေက မင်းတို့ စစ်ကြောင်းသွားတဲ့အချိန်မှာ ဘုရားကျောင်းတွေ၊ဘာသာရေးကျောင်းတွေမှာ တပ်စွဲ ထားပေါ့၊ ချင်းတွေက ခရစ်ယာန်တွေဖြစ်တော့ သူတို့ရဲ့ဘာသာရေးကျောင်းတွေမှာတော့ လာပစ်မှာ မဟုတ်ဘူး၊ မင်းတို့အတွက် အကာအကွယ်ယူတဲ့အနေနဲ့ကောင်းတယ်ဆိုပြီးတော့မှာတယ်” လို့ စစ်ကောင် စီတပ်ဖွဲ့ဝင်ကနေ ပြည်သူဖက် ဘက်ပြောင်းလာတဲ့သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ချင်းပြည်နယ်က ခရစ်ယာန်ဘုရားကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အရေအတွက်တွေမှာ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တဲ့ အရေအတွက်ဟာ (၉) ခု အထိရှိနေပြီး လက်နက် ကြီး အသုံးပြုတိုက်ခိုက်တဲ့ အရေအတွက်ဟာ (၂၀) နီးပါး၊ မြေပြင် စစ်ကြောင်းထိုးတဲ့အချိန် မီးရှို့ဖျက်ဆီးတဲ့ အရေအတွက်ဟာ (၇၀) ကျော် ရှိတဲ့အတွက် စစ်ဆင်ရေးအတွက် ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ် ထားတာ သိသာနေသလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

ချင်းပြည်နယ်မှာ ခရစ်ယာန်ဘာသာရေး အဆောက်အအုံ အများစုကို ပြင်ညီတဲ့ နေရာတွေမှာသာ ရွေးချယ်ပြီး ဆောက်လေ့ရှိသလို ဆောက်တဲ့အခါမှာလဲ ထီးထီးမားမားနဲ့ အဝေးကကြည့်လျှင်ပင် ဘာသာရေး အဆောက် အအုံမှန်း ထင်သာမြင်သာရှိကြတဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လေကြောင်းအနေနဲ့ကော၊ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာဟာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်တာလို့  ဒေသကာကွယ်ရေးတပ်တွေက လည်း ဆိုပါတယ်။

၂၀၂၃ခုနှစ် မေလ (၁၅) ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ၂၀၂၂ခုနှစ် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပဋိပက္ခနယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရစ်ယာန်ဘုရား ကျောင်းတွေကို ဝင်ရောက်စီးနင်း ဖျက်ဆီးတာတွေရှိနေတဲ့ အတွက် ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့ စိုးရိမ်ရတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ဆက်လက်ထည့်သွင်းထားပါတယ်။

ချင်းပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်ခွင့်ပြုချက်ကိုပင် တရားဝင်ခွင့်မပြုဘဲ ပုဂ္ဂလိကပိုင် အနေနဲ့သာ လျောက်ထားရပြီး ဘာသာရေးကျောင်းတွေကို ဆောက်လုပ်ရပေမယ့် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရစ်ယာန်ဘာသာရေး ဘုရားရှိခိုးကျောင်းတွေကို အဓိကပစ် မှတ်ထားပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖျက်ဆီးခဲ့တဲ့ ဘာသာရေး အဆောက်အအုံတွေထဲမှာ ထန်တလန်မြို့နယ်ထဲက ဘာသာရေး အဆောက်အအုံ (၃၅)ခုရှိတဲ့အတွက် ထိခိုက်မှုအများဆုံးဖြစ်နေပြီး၊ ဟားခါးမြို့နယ်မှာ (၁၆) ခု၊ ဖလမ်းမြို့နယ်မှာ (၁၃) ခု၊ ကန်ပက်လက်မြို့နယ်မှာ (၉) ခု၊ မင်းတပ်မြို့နယ်မှာ (၇) ခု၊ တီးတိန်မြို့နယ်မှာ (၆) ခု၊ တွန်းဇံမြို့နယ်မှာ (၂) ခု အထိရှိပြီး ပျက်စီးသွားတဲ့ ဘာသာရေး အဆောက်အအုံတွေကို အခုအချိန်အထိ ပြန် မပြင်နိုင်ဘဲ နီးစပ်ရွာမြို့ပေါ်က ဘာသာရေးကျောင်းတွေမှာပဲ စုပေါင်းပြီး ဝတ်ပြုတဲ့သူတွေလည်း ရှိတယ်လို့ ဖလမ်းမြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ခရစ်ယာန်ဘာသာရေး ကျောင်းတွေ အနက် အများစုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နယ်မြေစိုးမိုးနိုင်တာမရှိတဲ့နေရာတွေမှာ ဖြစ်ပွားနေတာပါ။

ဒါပေမယ့်လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ပေါ်တွေက ဘုရားကျောင်းတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် မှုတွေ ရှိနေတဲ့အတွက် မြို့ပေါ် ဘုရားကျောင်းတွေအတွက်လည်း လုံခြုံမှု အာမခံချက်မရှိတဲ့ အနေအထား ဖြစ်ပါ တယ်။

“စစ်ကောင်စီဖက်ကနေ တရားဝင်ထုတ်ပြန်တာတော့မရှိဘူးပေါ့၊ သိရသလောက်တော့ ဒေသကာကွယ်ရေး တပ် ဖွဲ့ဝင်တွေက ဘာသာရေးကျောင်းတွေကို အသုံးပြုပြီးတော့တိုက်ခိုက်သလိုမျိုး ဒီအခြေအမြစ် မရှိတဲ့ စကားတွေ စစ်ကောင်စီဖက်က ပြောတာတွေတော့ရှိတယ်” လို့ ချင်းလူ့အခွင့်ရေးအဖွဲ့က ဘာသာရေးနဲ့ ပညာရေးဆိုင်ရာ ဒါရိုက်တာက ပြောပါတယ်။

“စစ်ကောင်စီတွေ ဖျက်စီးလိုက်တဲ့ အများစုကျေးရွာတွေမှာတော့ ရွာအတွင်း ဝတ်ပြုဖို့မဆင်မပြေတာကြောင့် ယာယီခိုလှုံတဲ့ တဲတွေမှာပဲ အစုလိုက် ဝတ်ပြုကြရတယ်။ တချို့ရွာဆို တစ်ရွာလုံးစစ်ရှောင်ကြရတော့ မြို့ပေါ် မှာပဲ ဝတ်ပြုမှုမှာပါဝင်ကြရတယ်” လို့ ဖလမ်း အရပ်ဖက်လူမှု အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက် က ပြောပါတယ်။

ချင်းပြည်နယ်မှာ ချင်းလူမျိုးတွေဟာ ခရစ်ယာန်ဘာသာကိုးကွယ်မှု အများစုဖြစ်တာကြောင့် အခုလို ဘာသာရေး ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်မှု၊ ဖျက်စီးမှုတွေဟာ ရေရှည်မှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခကို လည်း ဦးတည်စေနိုင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က သုံးသပ်ပြောဆိုပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...