ရေမြင့်တက်လာမှုကြောင့် ဘီလူးချောင်းဘေးက စစ်ဘေးရှောင် ၈၀၀ ဝန်းကျင် ပြောင်းရွှေ့နေထိုင်ကြ

ရေမြင့်တက်လာမှုကြောင့် ဘီလူးချောင်းဘေးက စစ်ဘေးရှောင် ၈၀၀ ဝန်းကျင် ပြောင်းရွှေ့နေထိုင်ကြ

ရှမ်း - ကရင်နီနယ်စပ်၊ ဖယ်ခုံအင်း နဲ့ဘီလူးချောင်း တစ်လျှောက် ရေမြင့်တက်လာမှုကြောင့် မိုးဗြဲမြို့ပြင် လယ် ကွင်းတွေမှာ တဲထိုးနေကြရတဲ့ စစ်ရှောင်တွေနဲ့ မိုးဗြဲဆည်အောက်ဘက်၊ ဘီလူးချောင်းဘေးက  စစ်ဘေးရှောင် လူထု (၈၀၀) ဝန်းကျင်ဟာ မိုးဗြဲမြို့ပေါ်နဲ့ တခြားဒေသတွေကို ပြောင်းရွှေ့ နေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးဗြဲမြို့ပြင် လယ်ကွင်းတွေမှာ တဲထိုးနေကြရတဲ့ မိုးဗြဲ စစ်ဘေးရှောင်တွေဟာ မြို့ထဲက တိုက်ပွဲမဖြစ်တဲ့ နေရာ တွေမှာ ပြန်လည်နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “နဂိုကတည်းက လယ်ထဲရှိတဲ့ စစ်ရှောင်တွေက ရေတက်လာတော့ အခုမိုးဗြဲမြို့ပေါ်ကို ပြန် ရှောင်ကြတာပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်စာရင်းအရ လက်ရှိ ရေမြင့်တက်နေတဲ့ လယ်ကွင်းထဲ တစ်နေရာတည်းမှာ မိုးဗြဲစစ်ရှောင် ဦးရေ ၂၀၀ ကျော်ရှိတယ်လို့ မိုးဗြဲလူမှုကယ်ဆယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သို့ပေမယ့် ဒေသတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်အသစ်တွေ ထပ်မံရောက်ရှိလာသူတွေလည်း ရှိနေပြီး လူဦးရေ ၅၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းအချိန်ထိ အဲ့ဒီ စစ်ရှောင်စခန်းမှာ ရေပြန်ကျတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

“ရေက အရင်ရက်ပိုင်းကတည်းက တော်တော်တက်တယ်။ အခုလည်း ရေကတက်နေတဲ့ အနေအထားမျိုး ရှိတာ ပေါ့နော။ ပြန်တော့မကျဘူးပေါ့။ တက်နေတယ် နည်းနည်းစီတက်မယ်။ ပြီးမှ ငြိမ်တယ် အဲလိုပေါ့နော။ ရေတ အားကြီးကျတာတော့ မရှိသေးဘူး။ ရှေ့လျှောက်လည်း ရေကျဖို့မရှိလောက်ဘူးလို့ထင်တာပဲ” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့ စစ်ရှောင်တွေကတော့ လွိုင်ကော်၊ ဖယ်ခုံ၊ တောင်ကြီးမြို့ စတဲ့နေရာတွေမှာ သွားရောက် နေထိုင်ကြသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မိုးဗြဲ PDF ကတော့ ဘီလူးချောင်း ရေမြင့်တက်လာရတာဟာ စစ်ကောင်စီတပ်တွေက မိုးဗြဲဆည်ရဲ့ ရေတံခါးကို ဖွင့်ချလိုက်တာကြောင့်ဖြစ်ပြီး စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်နိုင်ကြောင်း ပြောပါတယ်။

“ပြည်သူတွေ မြို့ထဲမှာ ပြန်နေအောင် သူတို့ဖက်ပါအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါမယ်။ ပြီးတော့ ပြည်သူ တွေက မြေခြံမရှိတော့ ဘယ်လိုဖြစ်ဖြစ် ကိုယ့်အိမ်ကို ပြန်မယ်။ နောက်ပြီး တစ်ယောက်စ နှစ်ယောက်စ ဆိုသူတို့ ဘာမှမလုပ်ဘူး ပြန်လို့ရတယ် ဆိုတဲ့ပုံစံပေါ့နော်။ နောက်ပြီး သူတို့ဖက်ပါနိုင်အောင်ပေါ့နော်။ အဓိက ဒီအရာတွေ မြင်မိတာပေါ့နော်” လို့ မိုးဗြဲ PDF တပ်ရင်း (၁) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တဖက်မှာလည်း စစ်ရေးအခြေအနေတွေကြောင့် ပြောင်းရွေ့နေထိုင်ကြရတဲ့ စစ်ရှောင်တွေအနေနဲ့ မိုးဗြဲမြို့ပေါ် ပြန်မနေဘဲ အခြားသော စစ်ရှောင်စခန်းတွေမှာ သွားရောက် ရှောင်သင့်တယ်လို့  မိုးဗြဲ PDF တပ်ရင်း (၁)မှ တာဝန်ခံက ဆက်ပြောပါတယ်။

“မိုးဗြဲမြို့ထဲမှာ ပြန်ပြီးမနေဘဲနဲ့ ပြောချင်တာ နည်းနည်း စစ်ပွဲမဖြစ်တဲ့ နေရာမှာ သွားနေတာ ပိုဆင်ပြေတာပေါ့ နော်။ မြို့ထဲမှာ ပြန်နေမယ်ဆိုရင်တော့ မြို့ပေါ်မှာ ရှိနေတဲ့ စစ်သားနဲ့ ကျ‌နော်တို့က အချိန်မရွေး တိုက်ပွဲ ဖြစ်ပွား နိုင်တဲ့ အတွက်ကြောင့်အမှန်ဆို ဟို့ အနောက်ဘက် မိုးဗြဲနဲ့ဝေးတဲ့နေရာမျိုးနေတော့ ပိုကောင်းတာပေါ့နော်။”

အောက်တိုဘာလ ဒုတိယပတ်ကစပြီး ဖယ်ခုံအင်းရေမြင့်တက်လာတဲ့အတွက် ဖယ်ခုံနဲ့ မိုးဗြဲမှာ လယ်ဧက ထောင် နဲ့ချီ ရေနစ်မြုပ်သွားတဲ့အတွက် ရေရှည်စားဝတ်နေရေးကို စိုးရိမ်မှုရှိတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။

April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...
April 22, 2026
ထိုင်း-ကရင်နီနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်မှာ နေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်တွေက...