ကျောင်းတက်လမ်းမှာ ကြွေခဲ့ရတဲ့ ဥယျာဥ်မှူး

ကျောင်းတက်လမ်းမှာ ကြွေခဲ့ရတဲ့ ဥယျာဥ်မှူး

ရေးသူ - လင်းအာရုံသစ် — ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသမှာ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ၃၆ နှစ်အရွယ် ကျောင်း ဆရာမ တစ်ဦး စာသင်ကျောင်းကို သွားတဲ့လမ်းမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။

ကျောင်းဝတ်စုံ အင်္ကျီဖြူဟာ သွေးတွေနဲ့ ရဲရဲနီနေပြီး လုံချည်စိမ်းကလည်း ဖရိုဖရဲ နဲ့ လည်ပင်းလှီး အသတ်ခံ ထားရတဲ့ ဆရာမ ရဲ့ ဓာတ်ပုံ ကို မြင်ရသူတိုင်း မချိတင်ကဲ ခံစားရကြရပြီးတရားခံကို အမြန်ဆုံးဖော်ထုတ်ပြီး အပြစ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

“ဆရာမကိုသတ်တာဟာ ကလေးတွေရဲ့ ပညာရေးကိုသတ်တာပဲ။ ဆရာ၊ ဆရာမ အားလုံးကို သတ်လိုက်တာပဲ။”

“ဆရာမ  မုဒိန်းကျင့်သတ်ဖြတ်ခံရတဲ့ အမှုကို မဖော်ထုတ်နိုင်ဆိုရင် နောက်မကြာခင်မှာ ကျွန်တော်တို့ အစ်ကိုတို့ ညီမ၊ အစ်မတွေ အလှည့်ရောက်လာမှာပဲ။”

“ရင်နာလိုက်တာ ဘ၀ဆက်တိုင်း ဒီလို အဖြစ်ဆိုး မကြုံပါရစေနဲ့။ ကောင်းရာသုဂတိရောက်ပါစေ ဆရာမလေး။”

“ဆရာ ဆရာမတွေ ဒီကိစ္စကို ပေါ့ဆဖို့ မသင့် အားလုံးဝန်းရံသင့်ပါတယ်။”

“လုံခြုံရေးက စိတ်ပျက်စရာ ကောင်းနေပြီ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ ။ အမှုမှန်ပေါ်ပေါက်ပါစေ။”

“ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးပြီး ထိရောက်တဲ့ ပြစ်ဒဏ်ပေးစေချင်တယ်။”

ဆရာမလေး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ခံစားရသူတိုင်း အွင်လိုင်းပေါ်မှာ ဝမ်းနည်းတာ၊ ဒေါသဖြစ်တာ၊ ခံပြင်းတာ ၊ ရှုတ်ချတာ ၊ ဝေဖန်ပြစ်တင်တာ တွေ ကို ဖော်ပြနေကြပါပြီ။

အမျိုးသမီးတွေ သတ်ဖြတ်ခံနေရတယ်

ရခိုင်မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် တက္ကသိုလ်ကျောင်းသူတွေ၊ ပညာရေးဝန်ထမ်း တွေထိ အတင်းအဓမ္မပြုကျင့် သတ်ဖြတ်ခံနေကြရပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကံပြင်အုပ်စု၊ တပ်ရာ(တိုးချဲ့)ရွာမှာ လည်း စက်တင်ဘာလ ၄ ရက်နေ့က အသက် ၁၁ နှစ်အရွယ် မိန်းကလေး တစ်ဦး အဓမ္မပြုကျင့်  ခံခဲ့ရပါတယ်။

ယင်းမတိုင်ခင် ပြီးခဲ့တဲ့မ တ်လ ၁၆ ရက်နေ့က စစ်တွေမြို့၊ မင်းဂံအကွက် ၁၃၊ ရထားသံ လမ်းဘေးမှာ၊ အသက် ၁၁ နှစ်အရွယ် မိန်းခလေးငယ် မသန္တာဝင်း အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရဖွဲ့ရုံး အနီး လူသုံးကုန်ပစ္စည်း အရောင်းဆိုင် တစ်ခုက  အရောင်းဝန်ထမ်း အသက် ၁၈ နှစ်အရွယ်  မနွယ်သန္တာဝင်း သတ်ဖြတ်ခံခဲ့ရပါတယ်။

၂၀၂၀ ပြည့်နှစ်ကလည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်းက  ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ မုန့်လက် ကောက်ရောင်းတဲ့  ဆယ်ကျော်သက် အရွယ် မိန်းကလေးငယ်တစ်ဦး ရက်စက်စွာ အသတ်ခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေဟာ သိသာထင်ရှားတဲ့ မှုခင်းတွေ ဖြစ်ပါတယ်။ နောက်ပြီးရခိုင်က အမျိုးသမီးတွေဟာ လိင်ပိုင်း ဆိုင်ရာ ထိပါးစော်ကား နှောက်ယှက်ခံရမှုတွေနဲ့ အကြမ်းဖက်ခံရမှုတွေက အများကြီး ရှိနေတယ်လို့ အမျိုးသမီး အရေး ဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။

များမကြာသေးခင်ကလည်း အမျိုးသမီးတစ်ဦးကို အက်ဆစ်နဲ့ ပက်တဲ့ အလွန်ရက်စက်တဲ့ ဖြစ်ရပ်တစ်ခု ရခိုင် ပြည်နယ် တောင်ကုတ်မြို့မှာ ဖြစ်ခဲ့ပါသေးတယ်။

အမျိုးသားတစ်ဦးဟာ တောင်ကုတ်မြို့မှ အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို ဩဂုတ်လ ၂၇ ရက်နေ့ ညနေက ကားတင်ပြေးဖို့ကြိုးစားခဲ့ရာ ငြင်းဆန်တဲ့အတွက် အသင့်ပါလာတဲ့ အက်စစ်ရည်နဲ့ ပက်ခဲ့တာ ဖြစ်ပါ တယ်။

အက်စစ်နဲ့ပါ ပက်ခဲ့တဲ့ တောင်ကုတ်မြို့က ဦးသက်ဦးဆိုသူဟာ လည်း အက်စစ်ရည်သောက်ပြီး သတ်သေ မိမိ ကိုယ်ကို  သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီး ၄၀ ကျော် ကို ခြိမ်းခြောက် အဓမ္မပြုကျင့်  ကျူးလွန်မှုတစ်ခုလည်း စစ်တွေမြို့နယ်က မွတ်ဆလင် ဒုက္ခသည်စခန်းမှာ ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်တွေမြို့  ဖွဲ့ရာကုန်း မွတ်ဆလင် ဒုက္ခသည်စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီဟာ စခန်းအတွင်းက အသက် မပြည့်သေးတဲ့ အမျိုးသမီးများ၊ မသန်စွမ်းအမျိုးသမီးများ အပါအဝင် မွတ်ဆလင်အမျိုးသမီး ၄၅ ဦးကို  ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း တုတ်၊ ဓားတွေနဲ့ ခြိမ်းခြောက်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဥ် ကြီးပါ။

ကျူးလွန်ခံခဲ့ရတဲ့ မွတ်ဆလင် အမျိုးသမီး ၁၀ ဦးက တရားမျှတမှုအတွက် ၂၀၂၃ ခု ဖေဖော်ဝါရီလမှာ တောင်းဆို ခဲ့ကြပါတယ်။

အမျိုးသမီးအတွက် လုံခြုံမှု မရှိ

ကတ်ဘေး၊ ပဋိပက္ခဘေး၊ စစ်ဘေးဒဏ်ကို နှစ်ရှည်လများခံစားနေရတဲ့ ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးမှု၊ အမျိုးသမီးတွေရဲ့ လုံခြုံမှုအတွက် ဘယ်လောက်ထိ ဆိုးရွားနေသလဲဆိုတာကို ဒီဖြစ်ရပ်တွေက မီးမောင်းထိုး ပြနေပါတယ်။

အဲဒီအပြင် မှုခင်းတွေ ဖြစ်လာရင်လည်း ဘယ်အဖွဲ့အစည်းက တာဝန်ယူကာ ကျူးလွန်သူ အမှန်ကို ဖော်ထုတ် မလဲ ဆိုတာကလည်း ပြည်သူလူထုကြားမှာ ဇဝေဇဝါ ဖြစ်နေရပါတယ်။

ကျူးလွန်သူကို အမြန်ဆုံး ရှာဖွေ ဖမ်းဆီး၊ ထိရောက်တဲ့ ပြစ်ဒဏ်စီရင်မှုတွေမှာ ကြန့်ကြာနေတာက  နောက်ထပ် ကျူးလွန်မှုတွေကို ထပ်မံဖြစ်ပေါ်လာစေတယ်လို့ ဆိုကြပါတယ်။

အခက်အခဲ အကျပ်တည်းကာလမှာ အမျိုးသမီးတွေ  နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံလာရပါတယ်။  ဥပမာ မုဒိမ်း ကျင့်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရတာနဲ့ အသတ်ခံရတာတွေထိ ရှိလာပါတယ်။

စစ်ပွဲတွေကြောင့် အမျိုးသမီးတွေကို ဒုက္ခရောက်စေတဲ့အပြင် တစ်ဖက်မှာလည်း နိုင်ငံရေး မတည်ငြိမ်ကြောင့် အမျိုးသမီးတွေ လုံခြုံမှုမရှိတာတွေကိုလည်း ခံစားနေကြရပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ပြည်နယ်ဆင်းရဲမွဲတေမှု၊ ပညာရေးပိုင်းနိမ့်ကျမှုကလည်း အမျိုးသမီးတွေ ကို အကျိုးသက်ရောက်မှု ကြီးမားစေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပုံစံအမျိုးမျိုးနဲ့  အကြမ်းဖက်မှုပေါင်းစုံ ရှိနေတတ်ပေမယ့် အများစုမှာ အရင်း နှီးဆုံးနဲ့ အတူနေ အမျိုးသားတွေရဲ့ အကြမ်းဖက်မှုကို ခံရခြင်းပင် ဖြစ်ပါတယ်။

သမီးရည်းစား ချစ်သူစုံတွဲတွေ၊ အိမ်ထောင်ရှင် အမျိုးသားနဲ့ မိသားစုဝင်တွေ အကြားဖြစ်ပေါ်တဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေမှာ သမားရိုးကျဖြစ်စဉ်ကဲ့သို့ ရှိနေပြီး တိမ်မြုပ်ပျောက်ကွယ်လျက်ပင်ရှိ နေပါတယ်။

အသံတွေ ထွက်လာ

ရခိုင်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ လာတာနဲ့အတူ အမျိုးသမီးကျူးလွန်ခံရတဲ့ ပြစ်မှုတွေ ယခင်ထက် သိသိသာ သာ များလာပါတယ်။

ဒီလို ဖြစ်ရပ်တွေကြောင့် ရခိုင်က အတင်းအဓမ္မ ပြုကျင့် လူသတ်မှု ကျူးလွန်ခဲ့သူတွေကို ချက်ချင်း သေဒဏ် အပြစ်ပေးဖို့ ရခိုင်ကအမျိုးသမီးထုနဲ့ ရခိုင်ပြည်သူတွေ တောင်းဆိုသံတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက် လာပါတယ်။

အဲဒီလို ပြစ်မှုကျူးလွန်ခဲ့ကြသူတွေကို သေဒဏ်ပေးပြီး နောက်ထပ် မကျူးလွန်ရဲအောင် နမူနာပြ အရေးယူသင့် တာလို့ ရခိုင်အမျိုးသမီးထု တစ်ရပ်လုံးက တောင်းဆိုနေကြပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ အာရက္ခပြည်သူ့အစိုးနဲ့ အာဏာသိမ်းစစ်တပ်တို့ကြား နှစ်ဘက်စလုံးက အုပ် ချုပ်ရေး၊ တရားစီရင်ရေးတွေ ပြုလုပ်နေကြပေမယ့် ပြစ်မှုကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက် ပွင့်လင်း မြင်သာစွာ အရေးယူပြတာတွေ မရှိသေးဘူးလို့ ရခိုင်ပြည်သူတွေက ဝေဖန် ထောက်ပြကြပါတယ်။

အဲ့ဒီအပြင် နောက်ထပ် အမျိုးသမီးတွေ အခုလိုမျိုး ကျူးလွန်မခံရစေဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုအပ်တယ် လို့လည်း ရခိုင်ပြည်သူတွေက ထောက်ပြကြပါတယ်။

ဆရာမနှင်းယုနွယ်ဟာ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီခန့်မှာ မိမိနေထိုင်ရာ ကျွန်းပေါ် ပေါက်တော ရွာကလေးကနေ ခြေလျင် တစ်နာရီသာသာ လျှောက်သွားရတဲ့ ပန်းဖော်ပြင်ကျေးရွာ စာသင်ကျောင်းကို စာသင်ဖို့ သွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဘယ်တော့မှ အိမ်ပြန်ခွင့်မရတဲ့ လမ်းကို သွားနေတယ်ဆိုတာကို မသိခဲ့ပါဘူး။

ကလေးတွေ ကြိုလင့်နေမယ့် ပုံရိပ်တွေ၊ စာသင်ခန်းမှာ ကလေးတွေ ပျော်နေမယ့် ပုံရိပ်တွေကို တွေးရင်း သူနေ့ စဥ် သွားနေခဲ့တဲ့ လမ်းမှာပင် သတ်ဖြတ်ခံခဲ့ရပြီး သူချစ်ခင်သူတွေနဲ့ ဝေးရာ ဘဝတစ်ပါးကို မချိမဆန့် ဝေဒနာကို ခံစားရင်း သွားခဲ့ရပါတယ်။

ဆရာမ နှင်းယုနွယ် အလောင်းကို ကားလမ်းဘေးစောင်းမှာ သွေးအလူးလူးနဲ့ တွေ့ခဲ့ရတာပါ။ ဥယာဥ်မှူး ဆရာမ ကို သတ်တဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ ရခိုင်ပြည်သူတွေက မျှော်လင့် နေကြပါတယ်။

May 13, 2024
ရခိုင်ပြည်၊ စစ်တွေမြို့မှ တိုက်ပွဲရှောင်ရန် ထွက်ခွာသွားသည့် NGO/INGO ဝန်ထမ်းများကို...
May 13, 2024
ရခိုင်ပြည်နှင့် ဗမာပြည်မအကြား ရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားသည့် လမ်းမကြီး ၃ ခုကို စစ်ကောင်စီမှ...
May 10, 2024
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် တိုက်ပွဲဖြစ်ပွားလာမည်ဟုဆို၍ မြို့ပေါ်မှ စစ်ဘေးရှောင်...
May 10, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ် ရွှေလှေတိုက်နယ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား...