KIO ဌာနချုပ်နှင့် ကချင်တစ်ပြည်နယ်လုံး စစ်ရေးအခြေအနေ မေးမြန်းချက်

KIO ဌာနချုပ်နှင့် ကချင်တစ်ပြည်နယ်လုံး စစ်ရေးအခြေအနေ မေးမြန်းချက်
ဓါတ်ပုံ - KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ
ဓါတ်ပုံ - KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ

စစ်ကောင်စီတပ်ဟာ KIO ဌာနချုပ်နယ်မြေ နမ်ဆန်ယန် (Namsan Yang) ကျေးရွာကို ခြေကုပ်အခြေချ တပ်စွဲ နေထိုင်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေပေမယ့် တစ်လကျော်ကြာလာတဲ့အထိ ထိရောက်တဲ့ စစ်ဆင်ရေး လုပ်နိုင် တာမျိုး မရှိသလို ထိခိုက်သေဆုံးပြီး အထိနာ နေပါတယ်။

ဇူလိုင်လကုန်းပိုင်းကစပြီးတော့ မြေပြင်စစ်ဆင်ရေး စတင်လာတဲ့ စစ်ကောင်စီတပ်ဟာ နမ်ဆန်ယန်ဘက်ကို ဝင်ရောက်နိုင်ဖို့ မြစ်ကြီးနား၊ ဗန်းမော်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

နမ်ဆန်ယန်ဘက်ကို ဝင်ရောက်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒေါ့ဖုန်းယန်၊ အောင်ဂျာ၊ ခလား၊ မဒီးယာန်စတဲ့ ကျေးရွာအနီးတစ်ဝိုက်မှာ ပိတ်ဆို့တိုက်ခိုက်ခံရတာတွေ ကြောင့် စစ်အင်အားအများအပြား ဒီကနေ့ အချိန်ထိ ပိတ်မိနေပါတယ်။

ဒီအနေအထားတွေကြောင့် စစ်တပ်က နမ်ဆန်ယန်ဘက်ကို နည်းအမျိုးမျိုးနဲ့ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အပြင် တစ်ဖက်မှာလည်း စစ်တပ်အတွက် ဝင်ငွေအကောင်းဆုံးနယ်မြေဖြစ်တဲ့ ဖားကန့်ဘက်ကို  KIA ဘက်က တန်ပြန် တိုက်ခိုက်နေပြီး စစ်တပ်စခန်းတွေကို အခုရက်ပိုင်း ဆက်တိုက် သိမ်းပိုက်နေတာဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ လက်ရှိ ကချင်ပြည်နယ်ဘက်ကို စစ်တပ်ရဲ့စစ်ရေးလှုပ်ရှားတဲ့အခြေနေ ဘယ်လိုရှိနေလဲ။

ဖြေ။     ။ အခုမင်းအောင်လှိုင်က ရှမ်းပြည်က ပြည်သူ့စစ်တွေကို ကချင်ဘက်ကို ပို့နေပြီလို့ သိရတယ်။ ရှမ်းပြည် မူဆယ်၊ တာမညဲ၊ နမ့်ဖတ်ကာဘက်တွေမှာ စစ်သင်တန်းပေးနေတာကြာပြီ သင်တန်းမှာ လက်နက်ကြီး ပစ်ခတ် နိုင်တဲ့အထိ သင်တန်းပေးထားပြီး ဖြစ်တယ်။ အဲပြည်သူ့စစ်တွေကို မန်းလေးပို့တယ် မန်းလေးကနေ လေ ကြောင်းလိုင်းနဲ့ ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ပို့တယ်။ အင်အား ဘယ်လောက်လဲ ဆိုတာတော့ တိတိကျကျ တော့ မသိရသေးဘူး။ ရှမ်းပြည်မှာ ပြည်သူ့စစ်အဖွဲ့ ၅၀ ကျော်ရှိတော့ ဒီဘက်ကို ဘယ်လောက်ပို့လာသလဲတော့ မသိဘူး။ ဒါပေမယ့် သူတို့ ကချင်ဘက်ကို ရှမ်းပြည်က ပြည်သူ့စစ်တွေသုံးနေရပြီ ဆိုကတည်းက မင်းအောင်လှိုင် အဖွဲ့တွေက စစ်အင်အား အရမ်းနည်းနေပြီဆိုတာ သိသာနေပြီ။

မေး။    ။ ဗန်းမော်မှာရောက်နေတဲ့ စစ်တပ်ရဲ့အခြေအနေကရော ဘယ်လိုရှိနေပြီလဲ၊ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်း ထပ်ဖြည့်လာတာရှိလာပြီလား။

ဖြေ။     ။ အခုလောလောဆယ်တော့ ဗန်းမော်မှာ စစ်အင်အားနဲ့လက်နက်ရိက္ခာတွေကို တော်တော်ပို့ထားပြီ ပြီးတော့ ဗန်းမော်မှာ ပို့ထားတဲ့စစ်အင်အားထဲမှာ ရှမ်းပြည်ဘက်ကလည်းပါလာတယ်လို့ သိရတယ်။ အတည် ပြုလို့ မရတဲ့သတင်းအရ စက်လှေတွေနဲ့တက်လာမယ်ဆိုတာတော့ကြားနေရတယ်။ ပြီးတော့ ကုန်းကြောင်း ကနေလည်း စစ်ကြောင်းထိုးလာနိုင်တယ်။ အခုဗန်းမော်မှာလည်း စစ်တပ်လက်နက် ရိက္ခာတွေ ရောက်နေလို့ မြို့အဝင်အထွက်တောင် ပိတ်ထားတယ်ဆိုတာ သိရတယ်။ ဒါတွေအားလုံးက နမ်ဆန်ယန်ဘက်ကို ရောက်လာ နိုင်တယ်။



မေး။    ။ နမ်ဆန်ယန်ဘက်ကို စစ်တပ်က ဇူလိုင်လကတည်းက စစ်ကြောင်းထိုးနေတဲ့ အခြေအနေလေးကိုလည်း ပြောပေးပါအုံး။

ဖြေ။     ။ အခုလောလောဆယ်က နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးထားတဲ့တပ်တွေ မဒီးယာန်၊ အောင်ဂျာ ဘက်မှာရောက်နေတဲ့ စစ်ကြောင်းတွေကို အထဲမှာ ပိတ်မိနေတာ တစ်လကျော်လာပြီ သူတို့ကတော့ ဘာမှ မတတ်နိုင်တော့ဘူး။ ရှေ့ဆက်လည်းမဟုတ် လှုပ်လို့ကိုမရတော့တဲ့ အခြေနေဖြစ်နေပြီ။ အခုဗန်းမော်မှာ ရောက် နေတဲ့ စစ်အင်အားတွေ စစ်လက်နက်ရိက္ခာတွေ ရောက်လာရင်တော့ ပြန်လှုပ်လာကြမလား မသိဘူး။ အခုတော့ ကျနော်တို့ဘက်က လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ပစ်ခတ် တိုက်ခိုက်နေတော့ သူတို့ ဘာမှကို မလှုပ်နိုင်တော့ ဘူး။ အဲ့မှာရောက်နေတဲ့ထဲက ၈၀ ကျော်လောက်သေပြီလို့ သတင်းရထားတယ်။

မေး။    ။ ကချင်မှာ ၂ လတာအတွင်း တိုက်ပွဲအခြေနေလေး သိပါရစေ။

ဖြေ။     ။ တိုက်ပွဲကြာရှည်ဖြစ်တာက နမ်ဆန်ယန်ဘက်မှာ ဟုတ်တယ်။ အဲ့ဘက်မှာလည်း စစ်တပ်ရဲ့ စစ်ကြောင်း တွေ ပိတ်ခံထားရ တိုက်ခိုက်ခံထားရတော့ သေတာ ၈၀ ကျော်နေပြီ။ ဖားကန့်ဘက် ဆယ်ဇင်းမှာလည်း တိုက်ပွဲ ရက်ရှည် မဟုတ်ပေမယ့် တခဏတွင်းမှာ တိုက်ပွဲကတော်တော်ပြင်းထန်သွားတယ်။ အဲ့မှာလည်း စစ်တပ်ဘက် က သတင်းမှားပေးလို့ သူတို့တပ်နဲ့ SNA တွေနားနေတဲ့ နေရာမှာ လေယာဉ်နဲ့ဗုံးမှားကြဲတာ။ အဲ့မှာလည်း သူတို့ ဘက်က ၃၀ ကျော်သေတယ်။ ဒီ ၂ လထဲမှာ ပြောရမယ်ဆိုရင် စစ်တပ်ဘက်က ၁၀၀ ကျော် လောက်ရှိပြီသေတာ ဆယ်ဇင်းမှာဆိုရရင် အရာရှိအဆင့်တွေ တော်တော်များများလည်း ပါသွားတယ်လို့ သိရပါတယ်။

မေး။    ။ တစ်ဆက်တည်း ဖားကန့်ဘက်ရဲ့ အခြေအနေကိုလည်း ပြောပေးပါ။

ဖြေ။     ။ သိပ်တော့ မထူးခြားဘူး ဒါပေမယ့် တပ်မ ၃၃ လက်အောက်ခံတွေက သူတို့နယ်မြေအတွင်းမှာ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့သဘော ဖြစ်နိုင်တယ်လို့တော့ ယူဆရတယ်။

မေး။    ။ ရှေ့ဆက်ပြီးကော တိုက်ပွဲအခြေအနေဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။     ။ စစ်ရေးကတော့ ပိုဆိုးလာမယ့် အခြေအနေရှိလာနိုင်တယ်။ အခုတိုင်းရင်းသား လက်နက်ကိုင်တွေထဲ မှာ အဓိက စစ်ကောင်စီကို တိုက်နေတာက KNU၊ KNDF၊ CDF၊ KIO ဒီအဖွဲ့တွေဖြစ်တယ်။ ကရင်ဘက်မှာက ပြီး ခဲ့တဲ့နှစ်တွေမှာ တော်တော်တိုက်ပွဲ ပြင်းထန်သွားပြီဆိုရင်တော့ အခုဒီဘက်မှာ ပြင်းထန်လာနိုင်တယ်။ သူတို့ဘက် ကလည်း မီးကုန်ယမ်းကုန် လေကြောင်းတွေနဲ့ပါ တိုက်ခိုက်လာနိုင်တယ်။ ကျနော်တို့ဘက်ကလည်း အားကုန် တိုက်ခိုက်မှာဆိုတော့ ကချင်မှာက ရှေ့ဆက်တိုက်ပွဲပြင်းထန်လာမှာဘဲ။ ကျနော်တို့က ပြည်သူတွေအတွက် လူမျိုးအတွက်ဆိုပြီး ဆုံးဖြတ်ပြီး တော်လှန်ရေး လုပ်နေတာဆိုတော့ ခက်ခဲလည်း ပြည်သူတွေနဲ့ တစ်သားတည်း စစ်အာဏာရှင်ကိုတိုက်သွားမှာပါ။

Most read this week

May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...
May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...