ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ရက္ခိုင့်တပ်တော်(AA) တပ်သားဟုဆိုကာ စစ်ကောင်စီတပ်က မတရား စစ်ဆေးရိုက်နှက်ခြင်းခံခဲ့ရသည့်ရေလုပ်သားတစ်ဦးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသည်ဟု မိသားစု ဝင် များက ပြောသည်။
ဇွန် ၂၈ ရက်နေ့၊ ည ၁၀ နာရီခွဲ အချိန်ခန့်တွက် ကျောက်ဖြူမြို့၊ ဂျပန်မဆိပ်ဖောင်တော်တွင် ဆိပ်ကပ်နေသည့် စက်လှေများကို စစ်ကောင်စီတပ်သား (၂၀) ခန့်က စစ်ကားတစ်စီး၊ ဆိုင်ကယ် ၄ စီးနှင့်အတူ ရောက်ရှိလာပြီး စက်လှေ အလုပ်သမားကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအထဲမှ ရေလုပ်သား ၄ ဦးကို အဓိကထား စစ်ဆေးခဲ့ပြီး တစ်ဦးမှာပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည့်အတွက် ဒဏ်ရာများရရှိခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ရှိနေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
မိသားစုဝင်တစ်ဦးက “သူကတော့ နားတစ်ဖက်လေးပြီး ကြောင်တောင်တောင်လေးဖြစ်နေပါတယ်” ဟု ပြောသည်။
ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ရေလုပ်သားသည် မင်းပြားဇာတိဖြစ်ပြီး ကျောက်ဖြူတွင် အိမ်ထောင်ကျကာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
ရိုက်နှက်ခံခဲ့ရသည့် ကာယကံရှင်ရေလုပ်သားက “စက်လှေမှာ လူဘယ်လောက်လဲ။ ဘယ်လိုပုံစံလဲ လာစစ် တယ်။ ကျနော်တို့ စာရွက် စာတမ်းလည်းထုတ်ပြတယ်။ ဘုတ်လိုင်စင်၊ ပိုင်ရှင်၊ ဖုန်းနံပါတ်တွေရော ပြပါတယ်။ ပြပေမယ့် ကျနော့်ကို အေအေကဆိုပြီးရိုက်ပါတယ်။ မဟုတ်ဘူးဆိုလို့လည်း မရပါဘူး။ သတိဆွဲခိုင်းတယ်။ နား ထင်ကို ရိုက်သတ်တယ်။ သေနတ်နဲ့လည်း တေ့ထားတယ်။ သေနတ်ဘောင်နဲ့တော့ မထောင်းပေမယ့် လက်တွေနဲ့ ရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်ပါတယ်။ ရိုက်နှက်ပြီး မနည်းစစ်ဆေးပြီးတော့ ဘာဥပဒေနဲ့ ဆိုလဲမသိ တရား စွဲ ထောင်ချမယ်လို့ ပြောတယ်။ ဗိုလ်ကြီးလို့ပြောတဲ့ တစ်ယောက်က ထားခဲ့ဆိုလို့ ကျနော်တို့ လွတ်ကျန်ခဲ့တာ ပါ” ဟု ပြောသည်။
ယခုကဲ့သို့ မတရားနှိပ်စက်ခံရမှုများကြောင့် အလုပ်ဆက်လက် မလုပ်ကိုင်ရဲတော့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုနှင့်အတူ ထိတ်လန့်ကြောက်ရွံ့မှု နေသည်ဟု သူက ဆက်ပြောသည်။
"ကျနော်တို့မှာ ဒီလိုပဲ ဖြစ်နေကြမယ်ဆို အလုပ်လုပ်စားလို့ မရတော့ဘူး။ ကျနော်တို့လို လူတန်းစား အလုပ် သမားတွေဆို ပိုဆိုးပါတယ်။ နောက်ထပ်ဆို အဲ့ဒီအလုပ်မှာလည်း ကျနော်မလုပ်ရဲတော့ဘူး။ ဒီလိုနောက် တစ်ခေါက်ကြုံရင် ကျနော်သေမလားမသိဘူး။ ကြောက်ပါတယ်။ ကျနော့်လို တခြားလူတွေလည်း ကြောက်နေ ကြရတဲ့ အများကြီးရှိနိုင်ပါသေးတယ်” ဟု ပြောသည်။
ဂျပန်မဆိပ်ဖောင်တော်တွင် ဆိပ်ကပ်သည့် စက်လှေများမှာ မြေပုံမြို့နယ်၊ င/ပသုန်နှင့် ကျောက်ဖြူမြို့နယ်တို့မှ အများဆုံးဖြစ်ကြောင်းသိရသည်။
ယင်းဆိပ်ကမ်းအနီးတွင် ငါး၊ ပုစွန်အဝယ်ဒိုင်များရှိ၍ ရေလုပ်သားများ အဓိက အားထားရာ ဆိပ်ကမ်းတစ်ခု ဖြစ် သည့်အတွက် ယခုကိစ္စကြောင့် ယင်းဆိပ်ကမ်းတွင်ဆိပ်ကပ်ရန် ရေလုပ်သားများအကြား စိုးရိမ်မှုများ မြင့်တက် လျက်ရှိသည်ဟု ရေလုပ်သားများက ပြောသည်။
ရခိုင်တွင် စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုနှင့် အပစ်အခတ်ရပ်စဲထားချိန်ဖြစ်ပြီး မိုခါမုန်တိုင်း ဒဏ်ကြောင့် ပြည်သူများ ဒုက္ခရောက်နေသည့်ကာလတွင် စစ်သားများအနေဖြင့် ပြည်သူများအား ခြိမ်းခြောက် အနိုင်ကျင့်သည့် လုပ်ရပ်မှာ အလွန်ယုတ်ညံ့သည်ဟု ကျောက်ဖြူမြို့မှ လူမှုရေး လှုပ်ရှားသူများက ပြောသည်။







