ဘူးသီးတောင် မယူတောင်ထဲ AA နှင့် ARSA တိုက်ပွဲဖြစ်ပွားဟု ဒေသခံများပြောဆို

ဘူးသီးတောင် မယူတောင်ထဲ AA နှင့် ARSA တိုက်ပွဲဖြစ်ပွားဟု ဒေသခံများပြောဆို

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မယူတောင်ထဲတွင် ရက္ခိုင့်တပ်တော် (AA) နှင့် ARSA လက်နက်ကိုင်အဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့၊ ဇူလိုင်လ ၁၈ ရက်၊ ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက နိရဉ္စရာ ကို ပြောသည်။

ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ မနေ့က ညနေ ၃ နာရီလောက်မှာဖြစ်တာ။ ARSA အဖွဲ့နဲ့ AA နဲ့ဖြစ်ကြတာ။ နှစ်ဘက် သေနတ်ပစ်သံတော့ ကြားခဲ့ရတယ်။ ဒီနေ့တော့ ပစ်သံတွေမကြားရဘူး”ဟု ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးရှိ/မရှိကိုမူ လောလောဆယ် မသိရသေးဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဉ္စရာ က မေးမြန်းထားသော်လည်း တုံ့ပြန် ဖြေကြား ခြင်း မရှိသေးသဖြင့် သီးခြားအတည်ပြု၍တော့ မရရှိသေးပါ။

ARSA အဖွဲ့သည် ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်း အချို့ကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မောင်တောနှင့် ဘူးသီးတောင်ဒေသကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်ကလည်း မောင်တောမြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာ နှင့် ၂ မိုင်အကွာရှိ ‘လဘော်ဝ’ အရပ်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးသွားလုပ်စဉ် ARSA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရနယ်မြေအပိုင် ဇီးပင် ချောင်းကျေးရွာဟောင်း အနီးတွင် ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ARSA အဖွဲ့ဝင်ငါးဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းမိခဲ့သည်။

အလားတူ ယင်းနှစ်၊ မေလ ၁၂ ရက်၊ နံနက်ကလည်း မောင်တောမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ နယ်ခြား စောင့်တပ်စခန်း တစ်ခုကို ARSA အဖွဲ့က လာရောက်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်ခြားစောင့် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ARSA ဘက်မှ တစ်ဦးကျဆုံးခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာသား ၂၀ ကျော်ခန့်သည် တောထဲသို့ ဝါးသွားခုတ်သွားစဉ် ARSA အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်၍ ကျေးရွာသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ သည်။

July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...
July 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ယာယီရပ်တန့်နေချိန်တွင်...