စစ်ကောင်စီတပ်သား ၂ ဦး ပျောက်သွားသည်ကို လိုက်ရှာသည့်စစ်တပ်နှင့် AA တို့ ထိပ်တိုက်တွေ့

စစ်ကောင်စီတပ်သား ၂ ဦး ပျောက်သွားသည်ကို လိုက်ရှာသည့်စစ်တပ်နှင့် AA တို့ ထိပ်တိုက်တွေ့

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦးပျောက်သွားသည်ကိုလိုက်ရှာသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ထိပ်တိုက်တွေ့ပြီး စစ်ရေးတင်းမာမှုဖြစ်ခဲ့ကြသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ပျောက်ဆုံးသွားသည့် စစ်ကောင်စီတပ်သား ၂ ဦးကို လိုက်ရှာသည့် ယူနီဖောင်းနှင့် လက်နက် အပြည့်အစုံပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာသို့ ဝင် ရောက်ရန် ကြိုးစားရာမှ ယင်းနယ်မြေကို ထိန်းချုပ်ထားသည့် AA တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများ ဖြစ်လောက် အောင်အထိ အခြေအနေ တင်းမာခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင် ဒေသခံတစ်ဦးက “စစ်သား ၂ ယောက်ပျောက်သွားတယ်။ ပျောက်သွားတော့ လိုက်ရှာကြတဲ့ စစ်ကောင်စီတပ်က ဦးဂါဘက်ကို တက်ဖို့တောင်းတယ်ပြောတယ်။ AA ကလည်း ခွင့်မပြုလို့၊ စစ်တပ်ကလည်း တက်မယ်အဲလိုရှိမယ်။ အဲဒါကြောင့်ဖြစ်ခဲ့တာ”ဟု ပြောသည်။

နောက်ပိုင်းတွင် စစ်ကောင်စီတပ်သားများက လက်လျှော့လှည့်ပြန်သွား၍ တစ်စုံတရာ ပစ်ခတ်မှုများ မဖြစ် ပွားခဲ့ဘူးဟု ဆိုသည်။

ပျောက်ဆုံးသွားသည့် စစ်ကောင်စီတပ်သား ၂ ဦးနှင့်ပတ်သက်သည့် အသေးစိတ်ကိုမူ လောလောဆယ် အချိန်ထိ မသိရသေးဟုလည်း သူက ပြောသည်။

လက်ရှိတွင် ယင်းဒေသတဝိုက်၌ AA က အင်အားဖြည့်ထားသည်ဟုလည်း ဒေသခံအချို့က ပြောသည်။

AA နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နှစ်ဘက်နားလည်မှုဖြင့် ယနေ့အချိန်ထိ အပစ်အခတ် ရပ်စဲထားကြခြင်း ဖြစ်သည်။

ယင်းသို့ နားလည်မှုဖြင့် ယူထားကြသည့် ကတိကဝတ်များ ဖြစ်သည့်အတွက် ယခုကဲ့သို့ တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှုများ ပျက်ပြားလာပါက တိုက်ပွဲများပြန်ဖြစ်လာနိုင်သည်ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ မြေပုံ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပြောသည်။

“တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပျက်ပြားလာရင်တော့ တိုက်ပွဲကတော့ဖြစ်လာနိုင်တယ်။ မကြာခဏ ထိ တွေ့မှုတွေ ဖြစ်လာတယ်။ ပွတ်တိုက်မှုတွေဖြစ်လာတယ်။ ဆွေးနွေးပွဲ လမ်းကြောင်းဆိုရင်လည်း မရောက်ဘူး။ အဲ့လိုနဲ့ ယုံကြည်မှုလည်း ပြန်ပြီး ပျက်စီးသွားတတ်တယ်ပေါ့။ ဒါကြောင့် ဒီလို လိပ်ခဲတည်းလဲ လုပ်ဖို့ အခြေအနေ မျိုးမှာ ပိုပြီး တိကျတဲ့ စည်းကမ်းစည်းမျဉ်းတွေနဲ့၊ ပိုပြီးတိကျတဲ့ နယ်နိမိတ်သတ်မှတ်ချက်တွေနဲ့ အဲ့လိုဟာတွေကို လုပ်ရင်တော့ ပိုကောင်းမယ်။ မဟုတ်ရင်တော့ ဒီလိုဟာမျိုး တဖြည်းဖြည်းတင်းမာလာရာကနေ ယုံကြည်မှုတွေ ပျက်စီးသွားနိုင်တယ်”ဟု ပြောသည်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ရခိုင်တွင် အပစ်ရပ်ပြီးနောက် ရခိုင်ပြည်သို့ ၄ ကြိမ် တိတိရောက်ရှိလာခဲ့သည်။

၎င်း၏ ခရီးစဉ်များတွင် ရခိုင်ဒေသရှိ တပ်မိသားစုများနှင့် တွေ့ဆုံပြီး စစ်ရေးသတိများ ရှိရန်၊ စစ်သားဟူသည် တိုက်ပွဲဝင်ရန် အသင့်ရှိနေရမည် စသည်ဖြင့် ပြောဆိုစည်းရုံးမှုများကိုလည်း ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီပိုင် သတင်းစာများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...