နိုင်ငံရေးဆွေးနွေးရန် အစိုးရမှ တံခါးပိတ်ထားဆဲ

နိုင်ငံရေးဆွေးနွေးရန် အစိုးရမှ တံခါးပိတ်ထားဆဲ
by -
ကေအဲန်ဂျီ
အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တံခါးပိတ်ထားသေးကြောင်း (၅၇)နှစ်ပြည့် KIO အထိမ်းအမှတ်နေ့တွင် ပြောလိုက်သည်။

အောက်တိုဘာ ၂၅ ရက်နေ့ ကျရောက်သော (၅၇) နှစ်ပြည့် နေ့တွင် KIO ဥက္ကဌ ဦးလညော် ဇောင်းဟရား၏ မိန့်ခွန်းတွင် ငြိမ်းချမ်းရေး နှင့် ပတ်သက်ပြီး ဖော်ပြထားခြင်း ဖြစ်သည်။

“ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC သည် တနိုင်ငံလုံးငြိမ်းချမ်းရေး ရပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးဆွေးနွေးနိုင်ရန်ဖြစ်သည်။ သို့သော်လည်း အစိုးရဘက်မှ FPNCC နှင့် ဆွေးနွေးညှိနှိုင်းရန် တံခါးပိတ်ထားသည်ကို တွေ့ရသည်” ဟု ပါရှိသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့က အစိုးရနှင့် အဖွဲ့လိုက် တွေ့ဆုံရေးမူကို လက်ကိုင်ထားသော်လည်း အစိုးရဘက်မှ တပ်ပေါင်းစုအင်အားကို ဖြိုခွင်းရန် ရည်ရွယ်ချက်နှင့် တစ်ဖွဲ့ချင်းတွေ့ဆုံရေး ကြိုးစားနေသည် ဟု KIO က ပြည်သူလူထု ကို ရှင်းပြသည်။

KIO အနေဖြင့် နိုင်ငံရေးပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ရန် လိုလားသည့်အတွက် မြန်မာအစိုးရ အဆက်ဆက်နှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြောင်း ပြောထားသည်။

သို့သော်လည်း တပ်မတော်က စစ်အင်အားသုံးဖြေရှင်းမှု ပြုလာသည့်အတွက် တော်လှန်ရေးအဖွဲ့များကလည်း စစ်အင်အားပေါင်းစည်းရေးကို ဦးတည်လာခဲ့ရကြောင်း ပြောထားသည်။

ထို့ကြောင့် KIO က ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC က နှုတ်ထွက်ပြီး စစ်အင်အား အတော်အသင့် ကောင်းမွန်သော FPNCC နှင့် ပူးပေါင်းလာရခြင်း ဖြစ်သည်ဟု ရှင်းလင်းထားသည်။

သို့သော် လက်ရှိအချိန်သည် အစိုးရနှင့် KIO ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှု ပြတ်တောက်နေသည့် အချိန်ဖြစ်သည်။

ထိုသို့ ပြတ်တောက်နေသော အခြေအနေ ပြန်လည်ဆက်သွယ်မိစေရန် နှစ်ဖက်စလုံးမှ ပေါ်လစီ ပြင်ဆင်သင့်ကြောင်း KIO ဒု ဥက္ကဌ ဟောင်း (အငြိမ်းစား)နှင့် ယခု ကချင်ပြည်နယ် ဒီမိုကရေစီပါတီKSDP ဥက္ကဌ ဖြစ်သူ ဒေါ်က်တာတူးဂျာက ယခုလို ပြောသည်။

“မြောက်ပိုင်းအဖွဲ့များက အဖွဲလိုက် တွေ့ချင်တယ်။ အစိုးရဘက်တော့ တဖွဲ့ချင်းစီ တွေ့ချင်နေတယ်။ ဒါကို သူတို့ အဆင်ပြေအောင် ညှိယူရပါမယ်။ အဖွဲ့လိုက်တွေ့ဆုံရေး အစိုးရလက်ခံရင် သူတို့ အချိန်မရွေး တွေ့ဆုံဆွေးနွေး နိုင်တယ်။ မြောက်ပိုင်းအဖွဲ့ က လည်း အဖွဲ့လိုက်တွေ့ဆုံရေးကို လက်ကိုင်ထားရင် အချိန်ကြာမယ်။ အဓိကအားဖြင့် အစိုးရပေါ်လစီပြောင်းရမယ်။ တဖွဲ့ချင်းစီပဲ တွေ့မယ်ဆိုတာကို ပြောင်းရမယ်။ နည်းနည်းကွဲနေတဲ့ သူတို့ပေါ်လစီတွေကို ဆွေးနွေး ယူရပါမယ်။”

တပ်မတော်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် အချို့နှင့် တွေ့ဆုံရေးကို ငြင်းပယ်ထားသည်။

FPNCC ခေါ် မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို ရှမ်းမြောက် တရုတ်နယ်စပ် အခြေစိုက်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ (၇) ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...