မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ OSS အဖွဲ့ အပြောင်းအလဲ ပြုလုပ်

မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ OSS အဖွဲ့ အပြောင်းအလဲ ပြုလုပ်
by -
သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာနယ်စပ် မူစယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုံ၌ ကုန်စည်စီးဆင်းမှုများကို ကြီးကြပ်ရသော one stop service (OSS) အဖွဲ့အား လက်ရှိဖွဲ့ စည်းပုံအတိုင်း ဆက်လက်ထားရှိဆဲ ဖြစ်သော်လည်း ၄င်းအဖွဲ့ အတွင်း လုပ်ငန်း တာဝန်ခွဲဝေမှုအပိုင်းကို  ယမန်နေ့က စတင် ပြောင်းလဲလိုက်ကြောင်း သိရသည်။

မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်
လက်ရှိ OSS အဖွဲ့တွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဋ္ဌာန ၊ အကောက်အခွန်ဋ္ဌာန ၊ ရဲတပ်ဖွဲ့ စသည့် ဋ္ဌာနစုံ ပါ၀င်ပြီး ၄င်း အဖွဲ့အား နယ်စပ်ကုန်သွယ်ရေးဦးစီးဋ္ဌာန (နကသ)မှ အုပ်ချုပ်နေရာ ယမန်နေ့ကစ၍ အုပ်ချုပ် မှုနှင့် လုပ်ငန်းတာဝန် အပိုင်းများ သီးခြားစီခွဲဝေလိုက်ကြောင်း ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ၀န်ထမ်း အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည် ။

“အရင်OSS အဖွဲ့ကို နကသညွန်မှူးက အုပ်ချုပ်တယ် အခု နကသက မကိုင်တော့ဘူး သူ့ဋ္ဌာနသူ အုပ်ချုပ် ပေါ့ လုပ်ငန်း တာဝန်အပိုင်းမှာလည်း အရင်လို လုံးထွေးပြီးမလုပ်တော့ပဲ သူ့အပိုင်းနဲ့သူသီးခြား စီခွဲဝေ လိုက် တယ် နကသ ကတော့ import , export လိုင်စင် အပိုင်းပေါ့ လိုင်စင်ချပေး ထုတ်ပေးအဲဒီအပိုင်းပေါ့ ။ ရဲကတော့ ရှာဖွေရေးပေါ့ မူးယစ်ဆေးဝါး လက်နက်ခဲယမ်း ကာစတန်ကတော့ ကုန်ပစ္စည်းပတ်သက်တာ ရှာဖွေပေါ့ ” ဟု ၀န်ထမ်းနှင့်နီးစပ်သူ တစ်ဦးက ဆို သည် ။

မကြာမီ OSS အဖွဲ့အတွင်း ဋ္ဌာနဆိုင်ရာ ၀န်ထမ်းအင်အားထက်ဝက်ခန့် ထပ်မံလျှော့ချသွားမည်ဖြစ်ကြောင်း သူက ဆက် ပြောသည် ။

“လူအင်အားတစ်ဝက်လောက်လည်း ထပ်လျှော့ဖို့ရှိတယ် အရင်ကတော့ နကသက ဟိုကောင်လာခဲ့ ဒီ ကောင်လာခဲ့ ဆိုပြီး ပြဿနာတွေရှိတာကို အခုကတော့ ဒီအတိုင်းပဲ run မှာပေါ့နော် one stop service ကတော့ဖြုတ်စရာ မရှိဘူး လို့တော့ ထင်ပါတယ် ကိုယ့်အပိုင်းကိုယ်လုပ်သွားရုံပဲ ” ဟု ဆိုသည် ။

ယခင် OSS အဖွဲ့အတွင်း နကသက ဦးစီးနေရာ ငွေရေးကြေးရေး ကိစ္စများနှင့်ပတ်သက်၍ အခြားဋ္ဌာနဆိုင်ရာ အဖွဲ့ များက နကသအပေါ် မကျေနပ်မှုများရှိကြောင်း ကုန်သည်များအဆိုအရ သိရသည် ။

သျှမ်းပြည် (မြောက်ပိုင်း) လားရိူးနှင့် သိန်းနီအကြားရှိ ရေပူကုန်စစ်ဆေးရေးဂိတ်အား ယခုလ ရ ရက်နေ့က ပိတ်လိုက်ရာ ကုန်စည်စီးဆင်းမှု ပိုမို မြန်ဆန်လျက်ရှိကြောင်းသိရသည် ။

Most read this week