မြန်မာ- အိန္ဒိယ ကချင်လူ ငယ်များ ဘော်ဒွမ်ဆာ ညီလာခံကျင်းပ

မြန်မာ- အိန္ဒိယ ကချင်လူ ငယ်များ ဘော်ဒွမ်ဆာ ညီလာခံကျင်းပ
by -
ကချင်သတင်းဌာန

ပထမကြိမ်မြောက် မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံရှိ ကချင်လူငယ်ညီလာခံ (1st Singpho Youth Conference)ကို အိန္ဒိယနိိုင်ငံအရှေ့မြောက် အယူနာ ချာပရာဒေ့ရှ် ပြည်နယ် ဘော်ဒွမ်ဆာ မြို့တွင် ဒီဇင်ဘာ ၁၉ရက်ကစတင် ပြုလုပ်ခဲ့သည်။

အစီအစဉ်ကို အိန္ဒိယနိုင်ငံရှိ ဆင်းဖေါ (ဂျိန်းဖေါ့) များနေထိုင်သော ချန်လန်ခရိုင် (Changlang) ဘော်ဒွမ်ဆာမြို့ (Bordumsa) ရှိ ရိုးရာမနောကွင်းတွင် ဒီဇင်ဘာ ၁၉ ရက်မှ ၂၃ ရက်နေ့ထိ “Rawt ga bai gaw gap ga (ထကြ၊ ပြန်လည်တည်ဆောက်ကြစို့)” ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပနေပါသည်။
bordumsa-ramma-hpawng2
ညီလာခံရည်ရွယ်ချက်သည် “နှစ်နိုင်ငံရှိ လူငယ်များ မိတ်သဟာရဖွဲ့ခြင်းနှင့် ရှေ့အမျိုးသားရေးကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ပြီး ပူးပေါင်းလုပ်ဆောင်သွားရန်ဖြစ်သည်။” ဟု ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ခကျန်မိုင်အို (Hkachyang Maio) က ကချင်သတင်းဌာနသို့ပြောပါသည်။

ညီလာခံ သို့ အိန္ဒိယနိုင်ငံတွင်ပညာသင်ကြားလျက် ရှိသော မြန်မာနိုင်ငံမှ ကချင်လူငယ် ၃၆ ယောက်၊ အိန္ဒိယနိုင်ငံ အာသံပြည်နယ် (Assam) နှင့် အယူနာချာပရာဒေ့ရှ် ပြည်နယ် (Arunachal Pradesh)မှ ဌာနေ ဆင်းဖေါ (ဂျိန်းဖေါ့) လူငယ် ၁၃၂ ယောက် ပါဝင်တက်ရောက်နေကြောင်း အစည်းအဝေးဦးဆောင်သူများက ပြောသည်။

ညီလာခံဖြစ်မြောက်ရေးအတွက် အောက်တိုဘာလမှစ၍ အိန္ဒိယနိုင်ငံရှိ ကချင်တက္ကသိုလ်ကျောင်းသား အစည်းအရုံး၊ Singpho Development Society (SDS) နှင့် Singpho Youth Organization (SYO) များဦးဆောင်ကျင်းပခြင်းဖြစ်သည်။

ကချင် (ဂျိန်းဖေါ့) လူမျိုးများသည် ဌာနေတိုင်းရင်းသားများအဖြစ် မြန်မာ၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ (၃) နိုင်ငံတွင် အဓိကနေထိုင်လျက်ရှိရာ ပြည်ထောင်စုမြန်မာနိုင်ငံတွင် လူဦးရေ အများဆုံးဖြစ်သည်။

ယခုချိန် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားများ ဦးဆောင်သော ဗဟိုအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြား ပြည်တွင်းစစ် ၆ လကျော် ဖြစ်ပွားနေချိန် စစ်ပြေးဒုက္ခသည် ၅ သောင်းကျော် ထွက်လာနေပြီဖြစ်သည်။  ပြီးခဲ့သည့် ဇွန်လမှ စတင်သည့် အစိုးရ၏ထိုးစစ်အား ပြည်တွင်း ပြည်ပ ကချင်အမျိုးသားများက “ချေမှုန်းရေးစစ်ပွဲ” ဟု မှတ်ယူထားသည်။

ယင်းအခြေအနေမှာ ဘော်ဒွမ်ဆာ ဂျိန်းဖေါ့လူငယ်ညီလာခံ ကို ပြုလုပ်ခြင်းဖြစ်သည်။