သစ္စာရေသောက်ပွဲ

သစ္စာရေသောက်ပွဲ
by -
ဆယ်ဒူ

(ဆောင်းပါး) သစ်တောတွေ ၀ိုင်းရံ အုပ်ဆိုင်းနေပြီး အေးမြနေတဲ့ သစ်ပင်ရိပ်တွေကြားထဲမှာ ရ ပေပတ် လည်အမိုး အကာတွေနဲ့ တဲအိမ်တွေကတစီတတန်း ကြီး ရှိနေကြပါတယ်။ တဲအိမ် အလုံး -၄၀ ကျော် လောက် ရှိပြီး ခေတ္တယာယီဆောက်လုပ်ထားခြင်း ပဲဖြစ်ပါ တယ်။

သစ်တောတွေ ၀ိုင်းရံ အုပ်ဆိုင်းနေပြီး အေးမြနေတဲ့ သစ်ပင်ရိပ်တွေကြားထဲမှာ ရ ပေပတ်လည် အမိုး အကာတွေနဲ့ တဲအိမ်တွေက တစီတတန်းကြီး ရှိနေကြပါတယ်။ တဲအိမ် အလုံး -၄၀ ကျော်လောက်ရှိပြီး ခေတ္တယာယီ ဆောက်လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။

တဲအိမ် အလုံးတိုင်းစီမှာက ကျေးရွာတရွာထဲက ရွာသူ/သားတွေ မိသားစုအလိုက် မိီးတွေဖိုပြီး ချက်ပြုတ် နေကြပါတယ်။ အဲဒီရွာသူ/သားတွေဟာ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းထဲက ကယားလူမျိုးစုတွေ နေထိုင်ကြတဲ့ကျေးရွာ တရွာကပဲဖြစ်ပါတယ်။

ဆန်၊ စပါးများကျဲချနေစဉ် ရွာသူ/သားများကအောက်ဘက်မှ ခံယူနေကြစဉ် (ဓါတ်ပုံ-ကယားလီဖု)တရွာလုံးမှာရှိတဲ့ ရွာသူ/သားတွေကရွာဘေး သစ်တောစပ်နားကို သွားပြီး ပေါ်ကေးဒူလို့ ခေါ်တဲ့ တော စောင့်နတ် တောင်စောင့်နတ် အထူးပူဇော်ပသတဲ့ -၇ နှစ်မှာတစ်ကြိမ် ဒါမှမဟုတ် -၅ နှစ်မှာတကြိမ် ပူဇော်ပွဲ ကျင်းပနေကြခြင်းပဲ ဖြစ်ပါတယ်။ အလယ်မှာတော့ တောစောင့်နတ် တောင်စောင့်နတ် အထူးပူဇော်ပသဖို့ စင်ဆောက်ထားပါတယ်။

ရွာထဲမှာ နေထိုင်ကြတဲ့ ရွာသူ/သားတွေတိုင်းက လက်ထဲမှာ ပြောင်း၊ စပါး၊ ပဲသီးနှံ အပင်တွေကို ယူလာပြီး အဲဒီစင်အောက်နားကို လာထားကြပါတယ်။ စင်ပေါ်စင်အောက်တွေမှာလည်း ကရင်နီရိုးရာ ဓလေ့ထုံးစံ အတိုင်းကြက်ရိုးထိုးပြီး ကြက်၊ ၀က်နဲ့ တောကောင်သားတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်လှီးထားပြီး ၀ါးဗူးလေးတွေနဲ့ ပူဇော်ထားတာကို တွေ့ရပါတယ်။

ကယားမျိုးနွယ်စုတွေ အထွတ်အမြတ်ထားပြီး အလေးထားဆောင်ရွက်နေကြတဲ့ မိရိုးဖလာရိုးရာဓလေ့ တခုပင် ဖြစ်တယ်လို့ ပြောပါတယ်။

“ကမ္ဘာမြေကြီးကို စောင့်ရှောက်နေတဲ့ အရှင်သခင်တွေကို ပူဇော်ရမှာက ဒါလူတိုင်းမှာ တာဝန်ရှိတယ်။ မလုပ်လို့ မရဘူး။”

ပွဲကို ဦစီးကျင်းပနေတဲ့ ကေးဘျာစယ်က လာရောက်ပူဇော်နေကြတဲ့ သူတွေ၊ လာလေ့နေကြတဲ့လူငယ်မောင် မယ် တွေကို ပြောပြခဲ့ခြင်းဖြစ်ပါတယ်။

ပွဲတော်ကို -၇ ရက်တိတိ ကျင်းပကြပါတယ်။ နောက်ဆုံးပွဲတော်နေ့ဟာ တရွာလုံးကနေပြီး သစ္စာရေ သောက်ကြပါတယ်။ ကေးဘျာစယ်က ကျဲတဲ့ ဆန်စပါးကို ခံယူကြရတယ်။ တောလိုက်လို့ ရလာတဲ့ တောကောင်နဲ့ အင်္ဂါအစိတ်အပိုင်း အနည်းငယ်စီဖြင့် ပူဇော်ပြီးလို့ ကျန်တာတွေ ရွာသူ/သားတွေနဲ့ ရောက်လာကြတဲ့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံကြပါတယ်။

သစ္စာရေကိုတော့ ခေါင်ရည်၊ ၀က်သွေး၊ ကျည်ဆံယမ်းမှုန့် ၊ ဓါးသွေးရည်တွေနဲ့ ဖော်စပ်ထားတာကို တွေ့ရပါတယ်။

pawkayduသစ္စာရေကို ဦးဆောင်ပြီး တိုက်ကျွေးနေတဲ့ ကေးဘျာစယ်က “တယောက်နဲ့တယောက် မဟုတ်မမှန်တဲ့ စကား၊ အပြုအမူတွေကို မလုပ်ဖို့ တအိမ်တယောက် ကတိ၀န်ခံတဲ့အနေနဲ့ သောက်ရမယ်။ ဒီသစ္စာရေကို သောက်ပြီးရင် မကောင်းတာလုပ်တဲ့သူကတော့ မကောင်းတဲ့ ကံကြံမ္မာဆိုးကသူ့အပေါ်ကျရောက် တတ်တယ်” လို့ ပြောပါတယ်။

ဘော်ကေးဒူပွဲရဲ့ သစ္စာရေသောက်ခြင်းဟာ အတိတ်က အမုန်းတရားတွေ ၊ ရန်ငြိုးရန်စတွေ မသင်္ကာမှုတွေ ကျေအေးစေပြီး ထိုနေ့မှစ၍ သစ္စာတရား၊ အကျင့်သီလ၊ သမာဓိရှိရှိ နေကြရမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ် ရင် အသေဆိုးများဖြင့် ကြံုတွေ့ရမည်ဟု ၎င်းသစ္စာရေဖျော်တဲ့ အချိန်မှာ အဖိုးကေးဘျာစယ်က အဲဒီလို ကျိန်စာတွေနဲ့ ရေရွတ်ထားပါတယ်။

အမှုကိစ္စတွေ အိမ်ထောက်ဖောက်ပြန်တာတွေ၊ မကျေနပ်မှုတွေ အဲဒီမှာ ပြောဆိုကြတယ်။ဖော်ထုတ်ကြပါ တယ်။ ရွာထဲက အိမ်ထောင်စုတိုင်းက တအိမ်တယောက် တန်းစီပြီးတော့ လာသောက်ကြပါတယ်။

pawkaydu2အဲဒီနောက်မှာတော့ ပူဇော်ပသတဲ့ စင်ပေါ်ကနေ ကေးဘျာစယ်ကနေပြီး အလှူခံထားလို့ ရလာတဲ့ဆန်စပါး တွေကို ကျဲချပါတော့တယ်။ အောက်ဘက်မှာတော့ ရွာသူ/သားတွေက ကျဲချတဲ့ ဆန်စပါးတွေကို ရအောင် စောင်၊ ဦးထုပ်၊ ထီး စတာတွေနဲ့ အလုအယက်ခံယူကြပါတယ်။

စောင်နဲ့ စုပြီးခံလို့ရလာတဲ့ ဆန်အနည်းကျဉ်းကို ကြည့်နေတဲ့ အဒေါ်ကြီးတဦးက “အိမ်က ဆန်၊စပါးတွေကြား ထဲမှာ ပြန်သိမ်းထားရင် ဆန်တွေ စပါးတွေလည်း ဘယ်တော့မှ မကုန်နိုင်ဘူး။ ဘယ်တော့မှ မငတ်နိုင်ဘူး” လို့ ပြောပါတယ်။

ရာသီဥတုဖောက်ပြန်လာတာနဲ့အမျှ လယ်ယာစပါးတွေကလည်း တဖြည်းဖြည်းအထွက်နည်းလာတာတွေ ကြောင့် တောင်သူလယ်သမားတွေဟာ ကိုယ့်အသက် ဆက်လက် ရပ်တည်နေနိုင်ရေးအတွက်အဆင်ပြေ စေဖို့ မိမိယုံကြည်ရာ ဖိုးဖွားစဉ်လာရိုးရာဓလေ့တွေနဲ့ သစ္စာတွေ တိုင်တည်ပြီးဆုတောင်း နေကြရပါတယ်။

pawkaydu4ပူဇော်ပသပွဲ ပြီးဆုံးချိန်မှာတော့ ၀ါးတန်းပေါ်မှာ တောကောင် တိရစ္ဆာန်တွေလို ပုံတူထုလုပ်ထားတဲ့ သစ်သားရုပ်ထုတွေကို ဦးလေးတွေက တူမီးသေနတ်တွေနဲ့ ပစ်ချကြပါတယ်။

တောင်ယာသီးနှံခင်း စောင့်ရှောက်တဲ့ နတ်တွေကို ပူဇော်ခြင်းဖြစ်တယ်လို့ အဲဒီက ဦးလေးတွေက ပြောကြပါတယ်။

အသက် ၅၀ ကျော်ဦးလေးက “ဒီလိုသာ ငါတို့မလုပ်ခဲ့ဘူးဆိုရင် အခုလောက်ဆို ငါတို့အားလုံးငတ်လို့သေ ကုန်ပြီပေါ့” လို့ ပြောပါတယ်။

အဲဒီလို ပူဇော်ခြင်းအားဖြင့် မိမိတို့ရဲ့ လယ်ယာကို သားရဲ၊ တိရစ္ဆာန် မကောင်းဆိုးဝါးတွေကသီးနှံစပါးတွေ ဖျက်ဆီးခြင်းမှ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြတာဖြစ်ပါတယ်။

ပေါ်ကေး အတွက် ပူဇော်ပသဖို့ တရွာလုံးက (၇)ရက်တိတိ အလုပ်မဆင်းတော့ပဲ ပွဲတော်အတွက်အချိန်ပေး ခဲ့ကြတာပါ။ နောက်ဆုံးနေ့ ပွဲတော်မတိုင်ခင်ထိမှာတော့  ပူဇော်ဖို့ စင်တွေဆောက်လုပ်တာတွေ ပြီးတော့ တောကောင်တွေ လိုက်ခဲ့ကြတာတွေနဲ့ ပင်ပန်း ခဲ့ကြရပါတယ်။

ယခုလို တွေ့မြင်ခဲ့ရတဲ့ ဘော်ကေးဒူပွဲဟာ ကရင်နီလူမျိုးတိုင်းရှိနေကြတဲ့ ကျေးရွာမှာ ကျင်းပတာတွေ သိပ်မရှိပါဘူး။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်တဲ့ ဓလေ့လည်း မဟုတ်တဲ့အတွက် ဒီလို ပွဲတော်နဲ့တွေ့ကြံု ဆင်နွှဲခဲ့ရတာဟာ အင်မတန်မှ ခဲယဉ်းလှတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။

Most read this week