ရေကြီး၍ ကရင်နီဒုက္ခသည် တဦး ရေမျော သေဆုံး

ရေကြီး၍ ကရင်နီဒုက္ခသည် တဦး ရေမျော သေဆုံး
by -
နှောင်းလှိုင်

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၂ တွင်မိုးဆက်တိုက်ရွာ သွန်းပြီး ချောင်းရေကြီးမှုကြောင့်ရေထဲမျောပါသေ ဆုံးသွားသည့် ကရင်အမျုုိးသားတဦး၏ ရုပ် အလောင်း ရှာဖွေတွေ့ရှိပြီဟု သိရသည်။

စခန်းသူစခန်းသားများနှင့် လုံခြံုရေးတာဝန်ယူထားသူများက လိုက်လံရှာဖွေကြရာ ထိုင်းကရင်နီနယ် စပ်အနီး ရေချောင်းတွင် ၎င်း၏ ရုပ်အလောင်းကို ယခုလ ၂၃ ရက်နေ့က ပြန်လည်တွေ့ရှိပြီး ထိုနေရာတွင်ပင်မြေမြှုပ် သင်္ဂြိုဟ်လိုက်သည်ဟု သေဆုံးသူ ဦးခင်မောင်ခူး၏ သမီးက ပြောသည်။

စခန်း စားနပ်ရိက္ခာဂိုဒေါင်တွင် မန်နေဂျာအဖြစ်တာဝန်ယူထားသည့် အသက် ၅၂ နှစ်အရွယ်ရှိ ဦးခင်မောင်ခူးသည် ယခုလ ၁၀ ရက်နေ့ ညနေတွင် ခြံထဲသို့သွားစဉ် ရေထဲမျောပါသွားသည်ဟု စခန်းအုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မသီသီအေးက ပြောသည်။

ချောင်းကမ်းနံဘေးတွင် သေဆုံးသူ၏ ပစ္စည််းများဖြစ်သည့် ပလိုင်း၊ ဖိနပ်နှင့် လုံချည်တို့ကိုတွေ့ရှိရသည်ဟု လည်း ဆိုသည်။

“ရေထဲမှာ မတော်တဆ ခလုတ်တိုက်မိတာလား။ သူ့ကိုယ်သူ မထိန်းနိုင်တာလားတော့မသိဘူး။ ချောင်းထဲမှာ ချော်လဲပြီးတော့ လွယ်အိတ်ပါသွားတာဖြစ်မယ်။ သူ့ပလိုင်းနဲ့ ဖိနပ်ကို ချွတ်ထားပြီးတော့ သူ့လွယ်အိတ်ကို လိုက်ဆယ်ရင်း ရေကကြီးလာတော့ တခါတည်းမျောပါသွားတာ ဖြစ်မယ်”ဟု ဦးခင်မောင်ခူး၏ သမီးက ပြောသည်။

ကွယ်လွန်ချိန်တွင် ဦးခင်မောင်ခူးသည် ဇနီးဖြစ်သူ မော်ခီးမယ်နှင့်အတူ သားတဦးနှင့် သမီး ၅ ဦးကျန်ရစ်ခဲ့ သည်။

ရေချောင်းသည် ကရင်နီ အမှတ် ၂ ဒုက္ခသည် စခန်း၏ အလယ်တွင် စီးဆင်းသည့် မိုးရာသီတွင် ရေစီးသန်သောချောင်းတခုဖြစ်ပြီး ယမန်နှစ် မိုးရာသီတွင်လည်း ယင်းချောင်းထဲတွင် အမျိုးသမီးတဦး ရေမျောသွားပြီး သေဆုံးခဲ့သည်။

ကရင်နီ စခန်းတွင် မိုးဆက်တိုက်ရွာချနေသဖြင့် ယခုထိ ချောင်းရေကြီးနေဆဲဟု စခန်းအုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

Most read this week