ကရင်နီပြည်က စစ်မှန်သော ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးတွင်လက်ခံပါ၀င်လာသော် လည်း ကရင်နီအမျိုးသားတို့၏ သမိုင်းဖြစ်ရပ်မှန်ကို မမေ့ထားကြရန် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (ကေအဲန်ပီပီ) က မှာကြားလိုက်သည်။
ယမန်နေ့က ကျရောက်သော ၆၃ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေတွင်းရှိ ညာမူ တပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ပီပီ ဒု-ဥက္ကဌ အေဘယ်တွိက သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် တက်ရောက်လာသော ကရင်နီခေါင်းဆောင်များ၊ ကရင်နီတပ်မတော်များ၊ မိဘပြည်သူများနှင့် ကျောင်းသူကျောင်းသားများကို ယခုလို ပြောကြားထားခြင်း ဖြစ်သည်။
“ယနေ့ အချိန်အခါမှာ နိုင်ငံရေး အခြေအနေအရ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ ဦးဆောင်မှုနဲ့ ကရင်နီပြည်သူလူထုက ပါ၀င်နေပေမယ့်ကရင်နီအမျိုး သားတို့ရဲ့ စစ်မှန်တဲ့ သမိုင်းဖြစ်ရပ်မှန်ကိုတော့ မေ့ထားလို့ မရဘူး” ဟု အေဘယ်တွိက ပြောကြားသည်။
ကေအဲန်ပီပီနှင့် ကရင်နီတပ်မတော်တို့သည် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင် အခြားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများတို့နှင့်အတူ လက်ခံပါ၀င်လာရခြင်းမှာ နိုင်ငံရေး ရေစီးကြောင်းအရ ဖြစ်သည်ဟု ကရင်နီတပ်မတော် စစ်ဦးစစ်ချုပ် ဗိုလ်ချုပ် ဘီထူးက အခမ်းအနား ကျင်းပစဉ်တွင် ပြောကြားသွားသည်။
“ဒီကနေ့ လွတ်လပ်ခဲ့တဲ့ တိုင်းပြည်ကို ကျနော်တို့ ခဏ ချန်ထားပြီးမှ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တခု တည်ဆောက်နိုင်ရေးအတွက် တပ်ပေါင်းစု မျိုးစုံနဲ့ လုပ်ပြီးတော့မှ လုပ်လာခဲ့တယ်။ သို့သော်လည်းပဲ ဒီကနေ့ အခြေအနေအရ လက်ရှိ အခြေအနေအရ ကြည့်မယ်ဆိုရင် ညီညွတ်တော့ တိုင်းရင်းသား ဖယ်ဒရယ် ကောင်စီ တခု ဆိုတာ ဖွဲ့စည်းနိုင်ခဲ့တယ်။ ကျနော် တဦး အနေနဲ့ ကျနော် ယုံကြည်တာက ဒီအဖွဲ့အစည်းက လူမျိုးစုရဲ့ လိုလားတဲ့ တန်းတူရေးကို ဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်း တခု ဆိုတာ ကျနော် အနေနဲ့ အလေးအနက် ယုံကြည်တယ်” ဟု အခမ်းအနား မိန်းခွန်းတွင် ပြောကြားသွားသည်။
ယမန်နေ့က ကျင်းပခဲ့သော ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့တွင် ကရင်နီခေါင်းဆောင်များ၊ကရင်နီ တပ်မတော်မှ တပ်ဗိုလ်၊ တပ်မှူးများ၊ ရဲဘော်ရဲဘက်များ၊ မဟာမိတ်များ၊ မိဘပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများ ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။
ကရင်နီသမိုင်းကြောင်းအရ ကရင်နီပြည်ကို သီးခြားလွတ်လပ်သော ပြည်ငယ်တပြည်အဖြစ် ဗြိတိသျှ (အင်္ဂလိပ်) အစိုးရနှင့် မြန်မာဘုရင်အစိုးရတို့၏ နှစ်ဦးနှစ်ဘက် သဘောတူညီချက်အရ ဗြိတိသျှ ကိုယ်စားလှယ် ဆာ ဒေါက္ကလပ်(စ်)ဖေါ်ဆသ် (Hon’ble Sir Dauglas Forsyth C.B.K.C.S.I)နှင့် မြန်မာဘုရင် ကိုယ်စားလှယ် ကင်းဝန်မင်းကြီးတို့က ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် လက်မှန်ရေးထိုးခဲ့ကြသည်။
သို့သော် မြန်မာပြည် ဖဆပလ အစိုးရသည် ကရင်နီပြည်ကို မြန်မာပြည်နှင့် ပူးပေါင်းရန် နိုင်ငံရေးနည်းအရ စည်းရုံးခဲ့သော်လည်း မအောင်မြင်သည့်အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေး ရရှိခဲ့အပြီး အစိုးရ ဖြစ်လာသည့်အခါ ကရင်နီပြည်ကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခဲ့သည်။
ဖဆပလ အစိုးရသည် တပ်များကို စေလွှတ်ပြီး သီးခြားလွတ်လပ်သည့် ကရင်နီပြည်ကောင်စီ ဥက္ကဌ ဦးဘီီတူရီ နေထိုင်သည့် မြလဲရွာကို ၁၉၄၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဦးဘီတူရီနှင့် ရဲဘော်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်နှင့် လူအင်အား မမျှခြင်းကြောင့် ကြယ်ဖိုးကြီးနယ်၊ ဖရူဆိုသို့ ဆုတ်ခွာပေးခဲ့ရသည်။
ထို့နောက် ဖရူဆိုမြို့တွင် ရှိနေကြသော သီးခြားလွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီဝင် အချို့နှင့် အစည်းအဝေးတရပ် ကျင်းပပြီး ကရင်နီအမျိုးသားခုခံတော်လှန်ရေး တရပ်ကို ဖွဲ့စည်းထူထောင်ခဲ့ပြီး ကျူးကျော်ဝင်ရောက်လာသည့် ဖဆပလ အစိုးနှင့် စစ်တပ်တို့ကို ခုခံတိုက်ခိုက်ခံရာမှကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။




