ခရီးသည်တွေ တင်တဲ့ လွိုင်ကော်-ရန်ကုန် အဝေးပြေး ဘတ်စ်ကားဟာ လွိုင်ကော်ကားဂိတ် ကနေ နံနက် ရ နာရီလောက်မှာစထွက်လာ ခဲ့ပါတယ်။ ရှမ်း-ကရင်နီနယ်စပ် ဖြစ်တဲ့ဖယ်ခုံမြို့ ကို ရောက်တဲ့ခါ ခရီးသည်တွေကို မနက်စာ သုံးဆောင်ဖို့၊ ကျန်းမာရေး သွားဖို့နဲ့ ဖယ်ခုံမြို့ကို လမ်းကြံု စီးလာတဲ့ ခရီးသည်တချို့ ဆင်းဖို့ ကားခဏ ရပ်ပေးလိုက်ပါတယ်။
အဲဒီအချိန်မှာ ကားပေါ်က ဆင်းပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဖယ်ခုံမြို့ရဲ့ ကားဂိတ်တွေမှာ ခရီးသည်တွေ ခါတိုင်းထက် တော်တော်များများ တွေ့နေရပါတယ်။ ခရီးသည်တချို့က ထော်လဂျီစက်တွေနဲ့ ရောက်လာကြတယ်။ တချို့က ကားနဲ့ ရောက်လာကြတယ်။ တချို့တွေက ဆိုင်ကယ်တွေနဲ့ပေါ့။ ပြီးတော့ အဲဒီထဲက တချို့လူတွေက ဖယ်ခုံကားဂိတ်ကနေတဆင့် မြင်းလှည်းတွေကို ငှားစီးပြီး မြို့ထဲကို ဆက်သွားနေကြတာကိုလည်း တွေ့ရပါတယ်။

လူတော်တော်များများ ခါတိုင်းထက် စည်ကားနေတာ တွေ့ရလို့ အဲဒီဖယ်ခုံမြို့ပေါ်က ဒေသခံ ကယန်းအမျိုး သမီးတဦးကို မေးကြည့်လိုက်ပါတယ်။ သူမက “ကယန်းအမျိုးသားနေ့ ပွဲက ဒီမှာ ကျင်းပမှာလေ။ အဲဒါကြောင့် အလုပ်ရှုပ်နေကြတာပါ။ တနှစ် တနေရာစီ လုပ်တယ်။ အလှည့်ကျပေါ့” လို့ ပြောပါတယ်။
ဖယ်ခုံမြို့ထဲ လမ်းမပေါ်က သွားလာလှုပ်ရှားနေကြတဲ့ လူတွေက အဝေးက လာတဲ့ ဧည့်သည်တွေပဲ ဆိုတာ သိလိုက်ရပါတယ်။ သူတိုု့ အားလုံးက ဖယ်ခုံမြို့မှာ ကျင်းပမဲ့ ကယန်းအမျိုးသားနေ့ ပွဲကို လာကြခြင်းပဲဲ ဖြစ်ပါတယ်။ ကယန်းအမျိုးသားနေ့က ဧပြီလ ၁၀ ရက်နေ့ ဖြစ်ပါတယ်။
ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တစ်နယ်နဲ့တစ်နယ် အလှည့်ကျ ကျင်းပလာခဲ့တာ အခုဆိုရင် ၁၁ ကြိမ်မြောက် ရှိပါပြီ။ ၂၀၁၁ ခုနှစ်မှာတော့ ဖယ်ခုံမြို့မှာ ကျင်းပတာ ဖြစ်ပါတယ်။ ပွဲတော် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ ပွဲတော် ဦးဆောင်ကျင်းပနေတဲ့ ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးလောရင်းက ရှင်းပြပေးခဲ့ပါတယ်။
ဦးလောရင်းက “ကယန်းဘာသာစကား၊ စာပေကို ထိန်းသိမ်းဖို့နဲ့ ကယန်းယဉ်ကျေးမှုတို့ကို မပပျောက်အောင်။ မြင့်တင်ပေးဖို့။ ကယန်းတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာကို ထိန်းသိမ်းဖို့ နောက်ပြီး လူငယ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အဓိက ဆောင်ရွက်ရခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။
လူငယ်အများစုဟာလည်း မိမိတို့ရဲ့ ရိုးရာတွေနဲ့ ကယန်းစာပေကို မတတ်တဲ့သူတွေ တဖြည်းဖြည်းနဲ့ ပိုပိုများလာပါတယ်။ တချို့မြို့ပေါ်မှာ နေတဲ့ သူတွေဆိုရင် ကယန်းဘာသာစကားကို မပြောဖြစ်ကြလို့ ကယန်းစကားကို နားလည်ပေမဲ့ ပြန်မပြောတတ်တဲ့ သူတွေ အများကြီး တွေ့ရပါတယ်။
ဒီလိုဖြစ်အောင် တိုင်းပြည်ကို အုပ်ချူပ်လာခဲ့တဲ့ စစ်အာဏာရှင်တွေက တိုင်းရင်းသားတွေရဲ့ အမျိုးသား စာပေတွေ တရားဝင် အသိအမှတ်ပြုခြင်း မရှိခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ဖယ်ခုံမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် အနေနဲ့ အရွေးခံခဲ့ရတဲ့ ကယန်းမျိုးသား ခွန်းမားရ်ကိုဘန်က ပြောပါတယ်။
“နအဖတို့ ဖဆလတို့ ခေတ်အဆက်ဆက်တွေက ကျနောတို့ တိုင်းရင်းသား လူမျိုးစုတွေကို အသိအမှတ်ပြုဖို့ မပြောနဲ့ လူမျိုးရေး ၀ါဒကို ကျင့်သုံးပြီးတော့ ၀ါးမျိုဖို့ အတွက်ပဲ ဖြစ်နေတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ စာပေတွေကို ပိတ်ပင်ထားတယ်။ ယဉ်ကျေးမှုတွေ အကုန်လုံး သူတို့ စိတ်ကြိုက် သူတို့ လုပ်သွားတယ်။ လူမျိုးတစ်ခုချင်းစီရဲ့ အမျိုးသား လက္ခဏာတွေကိုလည်း မတည်ဆောက်ဘူး။ ဖျက်ဆီးနေတယ်။”
ကယန်းလူမျိုးစုဟာ ကရင်နီမျိုးနွယ်စုတွေထဲက တခု အပါအဝင် ဖြစ်ပြီး တိုင်းရင်းသားတွေ အားလုံး သွေးမကွဲကြဖို့ အဓိက နားလည်မှု ရှိကြဖို့ လူမျိုးတခုချင်းစီရဲ့ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကိုယ့်လူမျိုးရဲ့ အမျိုးသားရေး စိတ်ဓာတ် ဆိုတာ ရှိနေကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“ကယန်းက ကရင်အနွယ်လည်း ဖြစ်တယ်။ ကရင်နီလူမျိုးစုလည်း ဖြစ်တယ်။ မိမိလူမျိုးကို ချစ်ရင်းနဲ့ ကျန်တဲ့ ညီအစ်ကို အားလုံးတွေကို ညီအစ်ကိုရင်း ပမာတန်းတူ ဆက်ဆံသွားဖို့ ဖြစ်တယ်။ အဲဒီလိုမျိုး အပြန်အလှန် တိုင်းရင်းသား အားလုံး လေးစားအသိအမှတ်ပြုရင်တော့ ဒါဟာ ကျနော်တို့ရဲ့ တကယ့် ပြည်ထောင်စု စိတ်ဓာတ် တည်ဆောက်နိုင်မယ်။ တကယ့် စစ်အာဏာရှင်ကို ခြိမ်းခြောက်နိုင်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ တည်ထောင်နိုင်မယ်။”
ကယား၊ ကယော၊ ယင်းတလဲ၊ မနူမနော၊ ကယန်း ဆိုပြီး ကယန်းထဲမှာမှ ကယန်းကငံ (ခေါ်) ယင်းဘော်၊ ဇယိမ်း (ခေါ်) ကယန်းလထာ၊ ကေခိုကေဘား (ခေါ်) ကယန်းကတော့နဲ့ ကယန်းလဟွီတို့ဟာ ကရင်နီမျိုး နွယ်စုတွေထဲက ဖြစ်ကြပါတယ်။ ကယန်းတိုင်းရင်းသားမျိုးနွယ်စုခွဲ ၄ မျိုးဟာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား)ပြည်နယ်နှင့် မန္တလေးတိုင်းတွေမှာ နေထိုင်ကြပြီး နယ်မြေဒေသတွေ ခြားလို့ တွေ့ဆုံဖို့ ခက်ခဲကြပါတယ်။
အဲဒီကရင်နီလူမျိုးစုထဲက ကယန်းလူမျိုးတိုင်းရင်းသား ခေါင်းဆောင်တွေဟာ၂၀၀၀ ခုနှစ် ဧပြီလ အချိန်တုန်းက ကယန်းမျိုးနွယ် ၄ ခု စလုံးကို တစ်ခုတည်းသော ကယန်း ဖြစ်လာဖို့နဲ့ ပြန်လည်စုစည်းနိုင်ဖို့ အမျိုးသားရေး လက္ခာဏာတွေကို ဖော်ထုတ်နိုင်ဖို့ ဆိုပြီးတော့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် တိကြိတ်ကျေးရွာအုပ်စု ပန်ပက်ကျေးရွာမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။
ပါ၀င်ဆွေးနွေးခဲ့ကြတဲ့ ခေါင်းဆောင် အဖွဲ့အစည်းတွေကတော့ ပြည်တွင်း၊ ပြည်ပကယန်း နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဘာသာရေးလူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ နယ်မြေဒေသ ၄ ခုက ဒေသခံတွေ၊ တော်လှန်ရေး ခေါင်းဆောင်တွေ၊ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ကလလတနဲ့ ကယန်းပြည်သစ် ခေါင်းဆောင်တွေပဲ ဖြစ်ကြပါတယ်။
“ဒီလိုနယ်အသီးသီးက လူမျိုးစု ၄ စုအားလုံးကို စုစည်းပြီး တခုတည်းသော ကယန်းစာပေနဲ့ တည်ဆောက်ဖို့့ ဆိုတာ မလွယ်ဘူး။ အခု အားလုံးကနေပြီးတော့ စုစည်းတွေ့့ဆုံခဲ့ပြီး စာပေတွေကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် အဲဒီနေ့ကနေ စပြီး ကယန်းအမျိုးသားနေ့့လို့ သတ်မှတ်ဖြစ်တယ်။ ဒါဟာ တကယ်အောင်မြင်မှု ဖြစ်တယ်။ ဒါကြောင့် စဉ်လာမပျက် ထိန်းသိမ်းဖို့ ဆောင်ရွက်ကြတယ်" လို့ ခွန်းမားရ်ကိုဘန်က ပြောပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာတော့ ဧပြီလ ၁၀ ရက်နေ့ဟာ ကယန်းအမျိုးသားနေ့လို့ သတ်မှတ်ခဲ့ကြပြီး ကယန်းရိုးရာယဉ်ကျေးမှု စာပေတွေနဲ့ ဆိုင်တဲ့ ပွဲတော်ကို ပြည်တွင်းပြည်ပရှိ ကယန်းလူမျိုးတွေက အဲဒီနေ့ ရောက်တိုင်း ပွဲတော်ကျင်းပလာခဲ့ကြပါတယ်။
အားလုံးတွေ့ဆုံနိုင်တဲ့ အမျိုးသားနေ့ပွဲကို ကျင်းပလာခဲ့ကြပြီးနောက်ပိုင်းမှာတော့ တစ်နယ်စီ ဝေးနေကြတဲ့ ကယန်းလူမျိုးတွေ အချင်းချင်း သိလာခဲ့ကြပါတယ်။
ကယန်းကတော့ မျိုးနွယ်စုထဲက လူငယ် တဦးက“ကယန်းကငံတို့ တခြားဟာတွေ ရှိမှန်း အရင်က မသိကြဘူး။ ကယန်းအမျိုးသားနေ့ လုပ်လာတဲ့ အချိန်ကြမှ ကျနော်တို့ ကယန်းတွေမှာ ဒီလိုမျိုးနွယ်ရှိသေးတယ် ဆိုတာ သိလာရတယ်” လို့ ပြောပါတယ်။
ကေခိုကေဘား (ခေါ်) ကယန်းကတော့ မျိုးနွယ်တွေက မန္တလေး ပျဉ်းမနားမြို့နယ် အရှေ့တောင်တန်း တစ်လျှောက်မှာနဲ့ ကရင်ပြည်နယ် တောင်ငူမြို့ လိပ်သို၊ ရာဒိုဘက်တွေမှာ အများဆုံး နေကြပါတယ်။ ကယန်းကငံ (ခေါ်) ယင်းဘော် လူမျိုးစုတွေ အများစုက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက် ဘက်ခြမ်း ဒေါရောက်ခူ၊ ၀န်ဘန်းဘလို့ ကျေးရွာမှာ အများဆုံး နေကြတယ်။
ကယန်းလဟွီ မျိုးနွယ်တွေက ရှမ်းပြည်နယ် တောင်ပိုင်းမှာ နေထိုင်ကြပြီး လူဦးရေ အများဆုံး ရှိတဲ့ လူမျိုး ဖြစ်တယ်။ ဇယိမ်း (ခေါ်) ကယန်းလထာ မျိုးနွယ်စုတွေကတော့ ရှမ်းပြည်နယ် တောင်ပိုင်းပေါင်းလောင်း၊ ပင်လောင်းရဲ့ တောင်ပိုင်း၊ ဖယ်ခုံ အနောက်မြောက်ပိုင်း ဖြစ်ပြီး ကယန်းလဟွီ မျိုးနွယ်စုတွေနေတဲ့ရှမ်းပြည် တောင်ပိုင်းရဲ့ အမြောက်ဘက်မှာ အများဆုံး နေထိုင်ကြပါတယ်။ နေရာဒေသအလိုက် စကားတွေ အနည်းငယ် ကွဲပြားကြပါတယ်။
ကယန်းဘာသာ အမျိုးသား စာပေယဉ်ကျေးမှုတွေကိုလည်း လူငယ်တွေကြားမှာ ဆက်လက်ထိန်းသိမ်း နိုင်အောင် နေရာဒေသအသီးသီးမှာ သင်ကြားနိုင်ဖို့ အစိုးရအဖွဲ့ မဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမြင်ဖွင့် သင်တန်းတွေ၊ ကယန်းစာပေသင်တန်းတွေ လုပ်ဆောင်သွားမယ်လို့ ဦးလောရင်းက ပြောပါတယ်။
ဦးလောရင်းက “အထူးသဖြင့် လူကြီးတွေက သားသမီးကို ကယန်းဘာသာစကားနဲ့ ပတ်သက်ရင် သင်ကြား ပေးဖို့ ပြောဖို့ လုပ်ရမယ်။ ဒါတွေက အဓိက အမျိုးသားရေးအတွက်ဆိုတော့ လုပ်ရမှာပဲ။ အဲဒါမှ နောင်လာ နောင်သား ကိုယ့်သားသမီးကို ဒီအမွေပဲ ပေးနိုင်တယ်လေ” လို့ ပြောသွားပါတယ်။



