တိုင်းရင်းသား ပြည်သူလူထုများမျှော်လင့်တောင်း ဆိုနေသည့် အမျိုးသားကိုယ်ပိုင်ပြဌာန်း ခွင့်နှင့် တန်းတူရေးတို့အတွက် ကျန်ရစ်သော “၀”အမျိုးသားတပ်မတော်နှင့်ဆက်လက်တိုက်ပွဲ ၀င်သွားမည်ဟု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု က ပြောသည်။
ဧပြီလ ၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် လူကြီးရောဂါဖြင့်ကွယ်လွန် အနိစ္စရောက်သွားသောဝအမျိုးသားခေါင်း ဆောင်၏ စျာပနအခမ်းအနားသို့ပေးပို့ လာသော အမျိုးသားဒီမိုကရေစီတပ် ပေါင်းစု-မဒတ သဝဏ်လွှာတွင်ရေးသား ဖေါ်ပြထားခြင်းဖြစ်သည်။
မဒတသဝဏ်လွှာတွင် “တော်လှန်ရေးအတွက် အရေးကြီးသည့်အချိန်ကာလတွင် ဥက္ကဌကြီး တာ့တုတ်မိန်း ကွယ်လွန်သွားသော်လည်း တာ့တုတ်မိန်း ပေးဆပ်ရင်းနှီးခဲ့သော တော်လှန်ရေး တိုက်ပွဲနှင့် အနာဂတ်နိုင်ငံရေး ရည်မှန်းချက်ကို ကျန်ရစ်သူ ၀အမျိုးသား အဖွဲ့ချုပ်နှင့် ၀ပြည်သူလူထု တစ်ရပ်လုံးတို့ကတော်လှန်ရေးပန်းတိုင် ရောက်ရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်နေမည်ဟု ယုံကြည်ပါသည်။”
၀အမျိုးသားတပ်မတော်(၀အမျိုးသား အဖွဲ့ချုပ်)ဥက္ကဌ တာ့တုတ်မိန်းသည် အသက် ၅၉ နှစ်အရွယ်ဖြင့် မတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် လူကြီးရောဂါဖြင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့သည်။
၀အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင် တာ့တုတ်မိန်း၏ စျာပနအခမ်းအနားသို့ (မဒတ)အဖွဲ့ဝင်များအပြင် အဖွဲ့ဝင်မဟုတ်သော တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့လည်း တက်ရောက်ခဲ့ကြသည်။
“တာ့တုတ်မိန်းဟာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် တိုက်ပွဲတွင် တပ်ပေါင်းစုဖြင့် အောင်ပွဲခံရေးအတွက် ညီနောင်တိုင်းရင်းသားများအဖို့ အထူးစံပြုရန် ဖြစ်ပေသည်။” ဟု မဒတအဖွဲ့ဝင် ပအို၀်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO မှ ပေးပို့ထားသော သဝဏ်လွှာကဆိုသည်။
၀အမျိုးသား အဖွဲ့ချုပ် ဥက္ကဌ တာ့တုတ်မိန်းသည် “၀အမျိုးသား ပြည်သူများ သူ့ကျွန်ဘဝမှလွတ်မြောက်ရေး အတွက် ထွက်သက်ကုန်သည့်အထိ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ကေအဲန်ပီပီမှ လေးစား အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။” ဟု မဒတအဖွဲ့ဝင်မဟုတ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP သဝဏ်လွှာအား စျမနအခမ်းအနားတွင် ဖတ်ကြားသည်။
အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု-မဒတအား ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသား များ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
စစ်အစိုးရနှင့် အပစ်ယူသွားသည့် အဖွဲ့များရှိလာသည့်အတွက်ကြောင့် ယခုအခါ ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ “ဝ”အမျိုးသား အဖွဲ့ချုပ် WNO၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ LDU၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP စသည့် ၈ ဖွဲ့သာ ကျန်တော့သည်။
“၀”အမျိုးသားအဖွဲ့ချုပ် ဥက္ကဌကိုယ်ရေးအကျဉ်း
ဥက္ကဌတာ့တုတ်မိန်းသည် ရှမ်းပြည်နယ်ပန်ဝိုင်မြို့နယ်၊ ယန်းပန်းအုပ်စု၊ လတ်ခိုင်းကျေးရွာတွင် ပြီးခဲ့သည့် ၁၉၅၂ ခုနှစ်က အဖတာ့ထွန်းနှင့် အမိယေးဟန်းတို့မှဖွားမြင်ခဲ့သော …မြောက်သားဖြစ်ပြီး မွေးချင်းမောင်နှမလေးဦးရှိသည်။
၁၉၆၉ ခုနှစ်တွင် တာ့လိုင်းဦးဆောင်သော ဗမာပြည် ကွန်မြူနစ်ပါတီ CBP ပန်ဝိုင်သို့ စတင်ဝင်ရောက်ခဲ့သည်။
၂၀၀၇ ခုနှစ် ၀ခေါင်းဆောင် စဝ်မဟာဆန်းကွယ်လွန်ပြီးနောက် “၀”အမျိုးသား အဖွဲ့ချုပ် WNOဥက္ကဌနှင့် “၀” အမျိုးသား တပ်မတော် WNA စစ်ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၀၈ ဖေဖော်ဝါရီလ ရ ရက်နေ့တွင် WNO ဥက္ကဌအဖြစ်ဦးဆောင်ရန် ညီလာခံမှရွေးကောက်တင်မြောက် ခဲ့သည်။
၀အမျိုးသား အဖွဲ့ချုပ်၏ နိုင်ငံရေးနှင့်အမျိုးသားရေးများကို ကွယ်လွန်သည်အထိ ထမ်းဆောင်းခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် WNA တပ်မတော်တွင် စစ်ဦးစီးချုပ် အဖြစ် စတင်တာဝန်ယူခဲ့သည်။
WNO ဥက္ကဌလည်းဖြစ်၊ WNA စစ်ဦးစီးချုပ်လည်းဖြစ်သည့် တာ့တုတ်မိန်းသည် ထိုင်း-မြန်မာနယ်စပ်အမှတ်-၆၊ လွယ်ဝါ့ဟေ့-(WNO/WNA ဌာနချုပ်) နေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး မိမိရုပ်အလောင်းအား ဧပြီလ ၂ ရက်နေ့တွင် သင်္ဂြိုလ်သည်။



