စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် ဗန်းမောက်ဒေသတွင် ရွှေနှင့် ဆက်စပ်သတ္တုများ ရှာဖွေရန် ရုရှားနိုင်ငံ Nobel Gold ကုမ္ပဏီ ရှာဖွေတူးဖော်ခွင့် ရရှိကြောင်း အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာ အဆိုအရ သိရ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် ဗန်းမောက်ဒေသတွင် ရွှေနှင့် ဆက်စပ်သတ္တုများ ရှာဖွေရန် ရုရှားနိုင်ငံ Nobel Gold ကုမ္ပဏီ ရှာဖွေတူးဖော်ခွင့် ရရှိကြောင်း အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာ အဆိုအရ သိရသည်။
နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲမြင့်ဆွေနှင့် Nobel Gold Limited ဥက္ကဋ္ဌ Mr.Grigory Gurevich တို့ တနင်္လာနေ့တွင် လုပ်ငန်းသဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဖော်ပြပါရှိခြင်း ဖြစ်သည်။
ဓာတ်သတ္တု ရှာဖွေခွင့် စာချုပ်ကို သတ္ထုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်သိမ်းက Nobel Gold Limited ဥက္ကဋ္ဌ ထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဗန်းမောက် ဒေသထွက် ကျောက်ရွှေနှင့် အင်းဗျဲရွှေများမှာ နားလိမ်ကာ၊ သရက်ကိုင်း၊ နားမော်၊ စီးမော်၊ ထုံးပင်၊ လယ်ဦး၊ မံပင်၊ မံကပ်၊ ခန်းပတ်တောင်၊ အရှေ့ကုန်း၊ အနောက်ကုန်း၊ မတ္တရာ၊ ကျောက်ဆည်၊ ကူးဆိပ်၊ သရက်ကုန်း စသည့် ရွှေလုပ်ကွက်များမှ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင် ရွှေထွက်ရှိမှု ထင်ပေါ်လာခဲ့သဖြင့် နိုင်ငံခြား ကုမ္ပဏီတို့ စိတ်ဝင်စားလာခဲ့ကြောင်း သတ္ထုတွင်း ဝန်ကြီးဌာန အရာရှိတဦးက ပြောသည်။
Nobel Gold ကုမ္ပဏီ လုပ်ငန်းများ စတင်လျှင် ဒေသခံ ရွှေတူးဖော်သူများ၏ လုပ်ငန်းများ ထိခိုက်လာနိုင်သည်ဟု ဆိုသည်။
“Nobel Gold က အင်အားလည်း ကြီးတယ်။ အဓိက စက်အားပြုဖို့များတော့ အရင်လုပ်နေတဲ့ ဒေသခံတွေနဲ့ ရွှေလုပ်ငန်းတွေအတွက်တော့ ကျသွားဖို့ ရှိတာပေါ့လေ” ဟု သူက မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း ဗန်းမောက်၊ ခန္တီး ဒေသများနှင့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နှင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ ပဲခူးတိုင်း ရွှေကျင်၊ မဲကဒီး၊ ကျိုက်ထို၊ မယ်သဲ၊ ဘီးလင်း စသည့် နေရာများတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ ရှိသည်။
ထိုလုပ်ကွက်များ၌ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်သူများရှိသလို ဌာနတွင် ခွင့်ပြုချက်မတောင်းဘဲ လက်သိပ်ထိုး လုပ်ကိုင်မှုများ ရှိနေသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။
Nobel Gold ကုမ္ပဏီက တူးဖော်မည့် စစ်ကိုင်းတိုင်းတွင် ရွှေနှင့် သတ္တုပစ္စည်းများအပြင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များလည်း ထွက်ရှိသည်။
၂ဝ၁ဝ ခုနှစ်တွင် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းတခုကို ရုရှားနိုင်ငံ Nobel Oil ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် စတင်ခဲ့ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနထံမှ သိရသည်။
ထို့ပြင် မုံရွာခရိုင် ပုလဲမြို့နယ် ကျောကျေးရွာ အရှေ့ဘက်တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်သည့် Sinopec International Exploration and Production Corporation (SIPC) တို့ ပူးပေါင်းရှာဖွေရာမှ တရက်လျှင် ပမာဏ ကုဗပေ ၁ ဒဿမ ၂ သန်း ထုတ်လုပ်နိုင်သည့် သဘာဝ ဓာတ်ငွေ့တွင်း စမ်းသပ်တွေ့ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။



