မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်စည်းရုံးရေးအတွက် တေးသီချင်းများ အသံသွင်းရန် ဂီတမွန်အဖွဲ့မှ လက်မခံကြောင်း အမည်မဖေါ်လိုသော အဆိုတော်တစ်ဦး ဆက်သွယ် ပြောကြား...
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်စည်းရုံးရေးအတွက် တေးသီချင်းများ အသံသွင်းရန် ဂီတမွန်အဖွဲ့မှ လက်မခံကြောင်း အမည်မဖေါ်လိုသော အဆိုတော်တစ်ဦး ဆက်သွယ် ပြောကြားခဲ့သည်။
“အားတော့ နာတာပေါ့၊ ဒါပေမယ့် အနုပညာသမားဆိုတော့ နေရာတကာမှာ အားနာလို့ မဖြစ်ပါဘူး၊ နိုင်ငံရေး သမားတွေရဲ့ အသုံးချ ခံလည်း မဖြစ်ချင် လို့ပါ၊ မဲဆွယ်သီချင်းတွေဟာ ပေါ်လစီ သီချင်း ဖြစ်နေတော့ ဘာအနုပညာ မှလည်း မပါရှိပါဘူး” ဟု ၎င်းအဆိုတော် မှတ်ချက်ချ ပြောသည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းသည် မွန်ဂီတ အစည်းအရုံး နာယက တစ်ဦးလည်း ဖြစ်သည်။ ဂီတမွန်အဖွဲ့မှာ မွန်ဂီတ အစည်းအရုံးဝင် ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
လက်ရှိ မွန်တီးဝိုင်းများအနက် ဂီတမွန်အဖွဲ့မှာ အဆိုတော်အင်အား အတောင့်တင်းဆုံး ဖြစ်သည်။ ဂီတမွန်အဖွဲ့ အဆိုတော်များမှာ ပါမောက္ခနှင့် နဒီတို့ဖြစ်ကြသည်။
ယခု ပါဝင်သီဆိုကြမည့် အခြားမွန်တီးဝိုင်းအဖွဲ့မှ စမိုင်းချမ်း၊ အဂ္ဂ၊ မင်းသက္က၊ အီကိုတာရာ၊ မြချမ်းနွန်တို့အပြင် မွန်ဂန္ဓဝင်သီချင်း အဆိုတော် မင်းကျန်ရစ်၊ မွန်ချမ်းနှင့် မိစန္ဒာအောင်တို့ ပါဝင်မည်ဟု သိရသည်။
အဆိုတော် မင်းကျန်ရစ်သည် လာမည့် ရွေးကောက်ပွဲ၌ မွန်ပြည်နယ် လွှတ်တော်၊ မော်လမြိုင်မြိုင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ကိုယ်စားလှယ် အမတ်လောင်းတစ်ဦး ဖြစ်သည်။
အဆိုတော် ငြိမ်းစည်သူက မူလတွင် ပါဝင်သီဆိုမည်ဟု ကတိပြုခဲ့သော်လည်း ယခု အသံသွင်းရန် ပြင်ဆင်နေချိန်တွင် ရန်ကုန်သို့ မရောက်ရှိသေးဟု စီစဉ်နေသူ တစ်ဦးက ပြောသည်။
ထို့အတူ Rock အဆိုတော် လဝီလည်း သီဆိုဖြစ်မည် မဟုတ်ဟု နီးစပ်သူတစ်ဦး ပြောသည်။
အဆိုပါ မွန်ဒေသလုံးဆိုင်ရာ မဲဆွယ်တေးသီချင်းများမှာ မွန်၊ ဗမာနှစ်ဘာသာဖြင့် သီဆိုကြမည်ဟု သိရသည်။
မွန်သီချင်း ထုတ်လုပ်သူ တစ်ဦးက “ရွေးကောက်ပွဲ ကာလအတွက် တစ်ရာသီစာသီချင်းပဲ ဖြစ်နေတော့ ဘယ်လိုပဲ စည်းရုံးရေး ကောင်းကောင်း ထုတ်လုပ်သူ အနေနဲ့ အရှူံးပဲ ပေါ်မယ်” ဟု ပြောသည်။
၂၀၀၅ ခုနှစ်ပြည့်နောက်ပိုင်း၌ ထုတ်လုပ်သူများ ဆက်တိုက်အရှုံးပေါ်နေသဖြင့် မွန်သီချင်းထုတ်လုပ်မှုများ ကျဆင်းလျှက်ရှိသည်။



