မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့

မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့
by -
ဆလိုင်း ဟံသာစန်း

ရွေးကောက်ပွဲကို ဝိုင်းသပိတ်မှောက်ရန် ၂ဝဝ၇ ဗကသ အဖွဲ့ချုပ် အပါအဝင် မြေအောက် ကျောင်းသားလူငယ် အဖွဲ့ ၅ ဖွဲ့ ရန်ကုန်တွင် မဟာမိတ် ဖွဲ့ခဲ့....

ရွေးကောက်ပွဲကို ဝိုင်းသပိတ်မှောက်ရန် ၂ဝဝ၇ ဗကသ အဖွဲ့ချုပ် အပါအဝင် မြေအောက် ကျောင်းသားလူငယ် အဖွဲ့ ၅ ဖွဲ့ ရန်ကုန်တွင် မဟာမိတ် ဖွဲ့ခဲ့ကြသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်နေသည့် ၂ဝဝ၇ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ New Generation ၊ Saffron Generation ၊ မြေလတ် ကျောင်းသားများအဖွဲ့နှင့် ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသူ ကျောင်းသားလူငယ်များ အဖွဲ့တို့ ယခင်လ ၈ ရက် ရှစ်လေးလုံး ၂၂ နှစ် မြောက်နေ့တွင် လျှို့ဝှက် မဟာမိတ် ဖွဲ့ခဲ့သည် ဆိုသည်။

“အဓိက ဖွဲ့ရတဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်သွားဖို့ပါ။  ရွေးကောက်ပွဲ ကာလ မတိုင်မီကနေ ပြီးတဲ့အထိ ဘယ်အချိန်မှာ ဘာတွေလုပ်မယ်ဆိုတာ အစီအစဉ်တွေ ဆွဲပြီးသွားပြီ” ဟု လူငယ် မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

၎င်းတို့အစုအပေါင်းတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မြစ်ကြီးနား၊ မိုးကုတ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ကျောင်းသား လူငယ် ၂ဝဝ ကျော် ပါသည် ဆိုသည်။

အရင်အပတ်က ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်လည်အဖြစ် ရွေးကောက်ပွဲမဲမပေးရန် လှုံ့ဆော်သည့် ကြွေးကြော်သံ ပို့စကဒ် ၁,ဝဝဝ ကျော်ကို ရန်ကုန် စာတိုက်ပုံးများမှတဆင့်  မြို့နယ်အသီးသီးရှိ အစိုးရရုံးများ၊ လုပ်ငန်းရှင်များထံသို့ ပို့ခဲ့သေးသည်ဟု ပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီရွေးကောက်ပွဲကို မထောက်ခံကြပါနဲ့။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ အားလုံး ဟာ ရုပ်သေးပါတီတွေ ဖြစ်လာပြီ။ ပြည်တွင်းပြည်ပ ပြည်သူတွေ၊ တပ်မတော်သားတွေ၊ ရဟန်းရှင်လူတွေ ဒီပါတီ တွေကို မထောက်ခံကြဖို့ တောင်းဆိုချင်ပါတယ်”ဟု အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။