(၂) သီးခြားစီ ရပ်တည် နေထိုင်နိုင်တဲ့အခြေအနေ။
လူမျိုးစုကြီး (၈) မျိုးထဲမှာ ဗမာလူမျိုးကလွဲပြီး ကျန်တဲ့လူမျိုးတွေဟာ နိုင်ငံတော်ရဲ့ နယ်စပ်မျဉ်းတလျှောက်မှာ သူ့နေရာနဲ့သူ စီတန်းပြီး အသီးသီး ရှိနေကြပါတယ်။ သူတို့မှာ သီးခြား ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေလည်း ရှိနေကြပါတယ်။
လက်ရှိမိမိတို့ အခြေချ နေထိုင်နေတဲ့ဒေသတွေမှာ နေထိုင်လာခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာထောင်ချီကပင် ဖြစ်ပါတယ်။ သူတို့မှာ လူဦးရေအားဖြင့်လည်း အတော်အသင့် အနေအထားရှိပြီး၊ စုစုစည်းစည်းလည်း ရှိနေကြပါတယ်။ ဒေသတွင်း စီးပွားရေးအခြေခံနဲ့ ရပ်တည်နိုင်တဲ့ အနေအထားရှိတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
မိမိတို့ အမျိုးသား ကံကြံမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်ရဖို့ ပြင်းထန်တဲ့ဆန္ဒနဲ့ နှစ်ပေါင်းများစွာကတည်းက စတင်ရုန်းကန် လှုပ်ရှားခဲ့ကြတာ ဒီကနေ့အထိပါ။ ဒီအချက် တွေကို ကြည့်ခြင်းအားဖြင့် အမျိုးသားအလိုက် သီးခြားရပ်တည်နေထိုင်နိုင်တဲ့ အခြေခံလက္ခဏာတွေ အထင်အရှား ရှိနေပါတယ်။ ဒီလို ထင်ထင်ရှားရှား ခိုင်ခိုင်မာမာ ဖြစ်တည်နေတာကို မျက်ကွက်ပြုပြီး နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ဖိနှိပ်ကာ ဗမာလူမျိုးဖြစ်သွားအောင် ၀ါးမျို ဖျောက်ဖျက်နေတာကိုတော့ ကျန်တဲ့ လူမျိုးစုများက လက်သင့်ခံနိုင်ကြမှာ မဟုတ်ပါဘူး။
(၃) တန်းတူညီမျှရေးမှ စုစည်းညီညွတ်မှုရှိစေရန်။
လူသားတွေဟာ သဘာဝအရ စုစည်းညီညွတ်မှုကို လိုလားကြပါတယ်။ စုစည်းညီညွတ်မှလည်း အင်အားရှိမယ်ဆိုတာကိုလည်း လက်ခံထားကြပါတယ်။ အင်အား ရှိမှလည်း သဘာဝ အန္တာရယ်နဲ့ ပြင်ပက ရန်ပြုလာတဲ့အန္တာရာယ်ကို စုပေါင်း ကာကွယ် ခုခံနိုင်မှာ ဖြစ်ပါတယ်။
စုစည်း ညီညွတ်မှုရှိမှလည်း လူတိုင်းဟာ အေးချမ်းပြီး တိုးတက်တဲ့ဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စုစည်းညီညွတ်မှုကို လူသားတိုင်း လိုလားတာ ဖြစ်ပါတယ်။ စုစည်းညီညွတ်မှုကို တည်ဆောက်နိုင်ဖို့အတွက် အခြေခံ လိုအပ်ချက်ကတော့ တန်းတူညီမျှမှု ရှိရေးဖြစ်ပါတယ်။ မရှိအတူ၊ ရှိအတူ၊ အေးအတူ ပူအမျှ အခွင့်အရေးနဲ့ အခွင့်အာဏာတွေ ညီမျှဖို့လိုပါတယ်။
လူတဦးချင်း အရရော လူတစုချင်း၊ လူတမျိုးသားချင်း၊ တဘာသာချင်းက စလို့ ရရှိတဲ့ အခွင့်အရေးတွေဟာ တန်းတူ၊ ညီမျှဖို့ လိုပါတယ်။
သမိုင်းတလျှောက်မှာ လူမျိုး၊ ကိုကွယ်ရာဘာသာ၊ အသားအရောင်၊ ဇာတ်နိမ့်၊ ဇာတ်မြင့် စတဲ့ အချက်တွေပေါ် အခြေခံပြီး အခွင့်အရေးနဲ့ အခွင့်အာဏာတွေ ခွဲခြားမှုတွေ ရှိခဲ့တဲ့အတွက် စစ်ပွဲတွေ၊ လူသတ်ပွဲတွေ ဖြစ်ခဲ့ကြတာ သာဓကတွေ အများကြီးပါ။
ဒါတွေကို သင်ခန်းစာယူပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်အောင် တည်ဆောက်နေတဲ့ကာလမှာ မိမိလူမျိုးအတွက်သာ အခွင့်အရေးအာဏာကို လိုတာထက် ပိုယူထားခြင်း မျိုးဟာ မှားယွင်းတဲ့သဘောထား၊ မှားယွင်းတဲ့ လုပ်ရပ်တွေသာဖြစ််ပါတယ်။ မိမိပုဂ္ဂိုလ်အကျိုးစီးပွား၊ အုပ်စု၊ လူမျိုး၊ ဘာသာရေး အကျိုးစီးပွားတွေကိုသာ ဦးစားပေး တတ်တဲ့ လူတွေဟာ လူအများကို စုစည်းလို့ မရနိုင်ပါဘူး။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူမျိုးစု အချို့ကို ပြည်နယ်သတ်မှတ် ပေးခဲ့ပေမယ့် တချို့တိုင်းရင်းသား လူမျိုးစုတွေမှာ အခွင့်အရေး တစုံတရာပင် မရရှိခဲ့ပေ။ ပြည်နယ်သတ်မှတ်ပေးခြင်း ခံခဲ့ရတဲ့ လူမျိုးစုတချို့မှာလည်း ဗမာလူမျိုးစု လွှမ်းမိုးတဲ့ ပြည်မ အောက်မှာ ထားရှိ အုပ်ချုပ်စေခဲ့တဲ့အတွက် အာဏာနဲ့ အခွင့်အရေး တန်းတူ ညီမျှ မရှိတဲ့ အဆုံး ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့ တောင်းဆို လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
အခုလို တောင်းဆိုလာခဲ့ခြင်းကို ခွဲထွက်ရေးဟုသာ တံဆိပ်ကပ်ပြီး စစ်တပ်က အာဏာကို သိမ်းယူခဲ့တယ်။ နောက်ပိုင်းမှာ တပါတီ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။
စစ်တပ်အင်အားကို ပိုမိုတိုးချဲ့ပြီး လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ တိုင်းရင်းသားများ စုစည်းနေထိုင်ရာ ပြည်နယ်တွေရဲ့ အခွင့်အာဏာတွေကို ထပ်မံလျှော့ချတဲ့အနေနဲ့ ပြည်နယ် ကွပ်ကဲရေးအဖွဲ့တွေမှာ စစ်ဗိုလ်တွေကို ထည့်သွင်း ချုပ်ကိုင်စေခဲ့တယ်။
ခုလို လုပ်လိုက်တဲ့အတွက် ပြည်တွင်းစစ်မီးဟာ ချုပ်ငြိမ်းမသွားတဲ့အပြင် ပိုမိုကြီးထွား ကျယ်ပြန့်လာခဲ့တာ ယနေ့အထိပါ။ တိုင်းရင်းသား လူမျိုးစုများ အစိုးရကို ရရာ လက်နက် ဆွဲကိုင်ကာ တော်လှန် ပုန်ကန်လာကြပါတယ်။ ဒါတွေဟာ သမိုင်းမှာ အထင်အရှား ကျန်ရစ်ခဲ့အုံးမှာပါ။
အာဏာသိမ်း စစ်အစိုးရကလည်း စစ်ဆင်ရေးမှာ ပိုမိုထိရောက်အောင်မြင်စေဖို့ သူပုန်တွေကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့လူထုကို ဖမ်းဆီး၊ သတ်ဖြတ်၊ မောင်းထုတ်တဲ့အပြင်၊ တိုင်းရင်း အမျိုးသမီးတွေကို မုဒိမ်းကျင့်၊ စော်ကား တာတွေ လုပ်လာပါတယ်။ တဖက်မှာ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေဖို့ လူထုကို အဓမ္ပ လိုက်လံဖမ်းဆီး၊ ဆွဲခေါ်ပြီး လေးလံတဲ့ စစ်တပ်ရိပ်က္ခာတွေ ထမ်းပို့ခိုင်းတဲ့အပြင်၊ လူထုကို မိုင်းရှင်းကိရိယာ အဖြစ် အသုံးပြုခဲ့ကြတာ သက်သေ အထောက်အထားတွေက ရှိနေပါတယ်။
အဲဒီအချိန်တွေက စပြီး၊ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေဟာ နေရာဒေသ အနှံ့အပြားမှာ ဖြစ်ပေါ်လာတယ်။ ပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ ခါးသီးတဲ့ အရသာကို အဲဒီနည်းလမ်းတွေနဲ့ပဲ စတင်ခံစား နားလည်လာကြပါတယ်။ စစ်တပ်ဟာ လူထုပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပြည်သူပိုင်လို့ အသံကောင်း ကြွေးကြော်ပြီး သိမ်းယူ ခဲ့တယ်။
နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေကိုလည်း စစ်ရေးမှာပိုပြီး သုံးစွဲလာခဲ့တယ်။ ဒီလိုနဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ နိမ့်ကျလာပြီး၊ နောက်ဆုံးတော့ လူစဉ် မမီတဲ့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဆင့်ကို ရောက်အောင် တွန်းပို့ခဲ့ပြန်ပါတယ်။
ဒီအကျိုးဆက်တွေကြောင့် ကျောင်းသား၊ အလုပ်သမား နဲ့ သံဃာတော်တွေ မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီး လူထုအုံကြွမှုတွေ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။
အခုတော့ ဗမာအမျိုသား ပြည်သူတွေ လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့်၊ လွတ်လပ်ရေးရဲ့ အရသာ အစစ်အမှန်ကို လက်တွေ့ မခံစားကြရပါဘူး။ တိုင်းရင်းသား လူမျိုးစု တွေလိုပဲ ကျေးကျွန်ဘဝ သာသာ ဖြစ်နေပါတယ်။
တကယ်တော့ ဗမာလူထုတွေရဲ့ နစ်နာဆုံးရှုံးမှုတွေဟာ စစ်ဖြစ်နေတဲ့ နယ်စပ်ဒေသတွေနဲ့၊ မြို့နဲ့ အလှမ်းဝေးကွာတဲ့ ကျေးလက်ဒေသ နေထိုင်သူ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝနဲ့ နှိုင်းယှဉ်ကြည့်ရင် အတိုင်းတာ တခုအထိ သာလွန်နေတာကို တွေ့ရပါသေးတယ်။
တိုင်းရင်းသား ဒေသကပြည်သူတွေမှာတော့ အိမ်နီးနားခြင်း နိုင်ငံတွေကို မှီခိုနေရတဲ့ စစ်ပြေးဒုက္ခသည်ဘဝ၊ တောတောင်တွေကြားမှာ ပြေးလွှား ပုန်းအောင်းနေရတဲ့ (IDP) ဒုက္ခသည်ဘဝနဲ့ သိန်းနဲ့ချီ အရေအတွက် ရှိနေပါတယ်။
ဒီလိုဘဝဆိုးတွေက အမြန်လွှတ်မြောက်ပြီး၊ အေးအေးချမ်းချမ်း စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် နေထိုင်နိုင်ဖို့ လိုပါလိမ့်မယ်။ ရှေ့ထွက် ခေါင်းဆောင်များအနေနဲ့ တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို သိအောင် ကြိုးစားဖို့ လိုပါတယ်။
နိုင်ငံခြားက အထောက်အပံ့တွေ မရပေမယ့် အနှစ် (၆ဝ) တိုင်တိုင်လက်နက်ကိုင်၊ တော်လှန် ရပ်တည်နေနိုင်တာဟာ သက်သေပါပဲ။ ဗမာမျိုးချစ်တွေအနေနဲ့ အင်္ဂလိပ်၊ ဂျပန်တွေရဲ့ ကျွန်ဘဝကို ရောက်ခဲ့ရစဉ်က ခံစားခဲ့ရတဲ့ နာကျည်းမှုမျိုးဟာ ဒီကနေ့ တိုင်းရင်းသားတွေမှာ အလားတူ နာကျည်းစိတ်တွေ ပြည့်နက်နေပါတယ်။
အာဏာရယူသူတွေဟာ ဗမာ စကား၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှုတွေကိုသာ အစွမ်းကုန်မြင့်တင်ပေးနေပြီး၊ တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှု တွေကိုတော့ အသိမှတ်ပြုခြင်း၊ နေရာပေးခြင်း၊ လွတ်လပ်ခွင့် ပေးတာမျိုး မရှိတဲ့အပြင် မျက်ကွယ်ပြုထားပါတယ်။
ဒါတွေဟာ လူမျိုးရေးအရ ဝါးမျိုနေတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲပြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်ရင် အထက်က လုပ်ရပ်တွေကိုပြုပြင် ပေးဖို့ တာဝန်အရှိဆုံးဟာ ဗမာလူမျိုးတွေသာ ဖြစ်ပါတယ်။
ပြုပြင်ပေးနိုင်မှ လွတ်လပ်ရေးရဲ့ အရသာကို ဗမာလူမျိုး ပြည်သူအများစုက ခံစားခွင့် ရှိနိုင်ပါလိမ့်မယ်။
ဒီကနေ့ ဗမာလူမျိုးပြည်သူတွေ အခက်အခဲအကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရသလို တိုင်းရင်းသား လူမျိုးပေါင်းစုံတွေကလည်း အလားတူ ခံစားနေကြရပါတယ်။ ဒါတွေအပြင် တိုင်းရင်းသားတွေဟာ လူမျိုးရေးအရ ဝါးမျိုခံရခြင်း၊ လက်ရှိအခြေချ နေထိုင်တဲ့ နယ်မြေတွေကနေ နည်းပေါင်းစုံ နဲ့ နေ့စဉ်နဲ့အမျှ မောင်းထုတ် ခံနေရ ပါတယ်။
ဒီအခြေအနေဆိုးတွေကို ပြုပြင်ပြောင်းလဲဖို့က ဒီမိုကရေစီ အခွင့်အရေးတခုတည်းနဲ့ မလုံလောက်ပါဘူး။ တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူခွင့်အရေးတွေကို အသိအမှတ်ပြုဖို့ လိုအပ်လာပါတယ်။
ဆွစ်ဇာလန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေကို ဥပမာ အနေနဲ့ လေ့လာကြည့်ပါ။ နိုင်ငံငယ်၊ လူဦးရေ နည်းနည်းလေးနဲ့ သူတို့နိုင်ငံထဲမှာ စကား၊စာပေ (၄) မျိုးကို ရုံးသုံးဘာသာ အဖြစ် အသိအမှတ်ပြု ပြဌာန်းထားတယ်။ ဒါကြောင့် သူတို့မှာ လူမျိုးရေးအရ ပြဿနာမရှိဘူး။ ညီညွတ်တယ်၊ အေးချမ်းတယ်၊ တိုးတက်တယ်။
ဒီကနေ့ ကျနော်တို့ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့အခြေအနေဆိုးတွေက အမြန်လွတ်မြောက်ပြီး၊ ငြိမ်းချမ်းသာယာ တိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ ပူးတွဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။
ဒီလိုပူးတွဲ ပေါင်းစည်း လုပ်ဆောင်ရာမှာ ခိုင်မြဲတဲ့ စုစည်းညီညွတ်မှု တရပ်ဖြစ်လာ နိုင်ဖို့အတွက်် တချိန်က ဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားဖြောင့်မတ်ပြီး၊ ပွင့်လင်းတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ လိုအပ်နေပါတယ်။
တကယ်တော့ ဒီမိုကရေစီအခွင့်အရေးတွေကို တိုင်းရင်းသားတွေက ဗမာလူမျိုးတွေနဲ့ ထပ်တူ လိုလားနေတာပါ။
ဒါပေမယ့် ဒီမိုကရေစီတခုတည်းနဲ့ ပဲရပ်ပြီး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကျော ခိုင်းနေမယ်ဆိုရင်တော့ တိုင်းရင်းသားတွေအတွက် ကျွန်ဘဝမှာဆက်ပြီး နစ်မွန်းနေရမှာမို့ ဒီမိုကရေစီအင်အားစုတွေနဲ့ အပြည့်အဝ လက်တွဲနိုင်မှာ မဟုတ်ပါဘူး။ ပူးတွဲ ပေါင်းစည်းရေးဟာ လည်း ခိုင်မာ အားကောင်းနိုင်မှာ မဟုတ်ပါဘူး။
ဒီလို သာဖြစ်နေရင် တိုင်းပြည်က ရင်ဆိုင်နေရတဲ့ ဆင်းရဲကြပ်တည်းတဲ့ အနေအထားဟာ ဆက်ပြီး ကြာရှည်နေပါလိမ့်မယ်။
ဒါကြောင့် ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပူးတွဲ တည်ဆောက်ဖို့လိုပါတယ်။ ဒီလိုရယူနိုင်ဖို့ ဒီမိုကရေ စီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတို့ ပူးတွဲ ပေါင်းစည်းပြီး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းစဉ်ကိုချမှတ်ဖို့ အထူးပင် လိုအပ်နေပါကြောင်း စေတနာကောင်းနှင့် တင်ပြလိုက်ရပါသည်။



