ကရင်ဒုက္ခသည် ၉၀၀ ကျော် မြန်မာပြည် ပြန်သွား

ကရင်ဒုက္ခသည် ၉၀၀ ကျော် မြန်မာပြည် ပြန်သွား
by -
ကျော်ခ
ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ အူးသူးထ ယာယီ ဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသို့ ပြန်သွားကြသည့် ကရင်ဒုက္ခသည် ၉၀၀ ကျော်ပြီဖြစ်ကြောင်း စခန်း တာဝန်ရှိသူ...

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ အူးသူးထ ယာယီ ဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသို့ ပြန်သွားကြသည့် ကရင်ဒုက္ခသည် ၉၀၀ ကျော်ပြီဖြစ်ကြောင်း စခန်း တာဝန်ရှိသူ တဦးက ပြောသည်။

ယင်းမြို့နယ်အတွင်းရှိ နို့ဘိုးနှင့် အူးသူးထ စခန်းမှ ကရင် ဒုက္ခသည်များကို ထိုင်းဒေသခံ အာဏာပိုင်များက ယခုလဆန်းပိုင်းက ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ဒုက္ခသည်များ၏ လုံခြံုရေး စိုးရိမ်ရကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြ ကန့်ကွက်မှုများရှိသဖြင့် ခေတ္တရပ်ဆိုင်းထားခဲ့သည်။  

သို့သော် ထိုင်းစစ်တပ်က အူးသူးထ စခန်းအတွင်း စည်းကမ်း တင်းကျပ်လိုက်ပြီး ဌာနေပြန်ရန် ဖိအားပေး ပြောဆိုမှုများကြောင့် ယခုလဆန်းမှ စ၍ တဖွဲဖွဲ ပြန်နေကြကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။  

“ဒါ နင်တို့နိုင်ငံ မဟုတ်ဘူး။ နင်တို့ရွာတွေဘက်မှာလည်း တိုက်ပွဲတွေ ဘာတွေ မရှိတော့ဘူး ဆိုပြီး သူတို့ လာလာပြီး ပြောတယ်လေ။ စခန်းထဲက လူတွေလည်း တို့စရာတောင် သွားရှာလို့ မရဘူးလေ။ အခု စခန်းမှာ (လုံခြံုရေးတပ်ဖွဲ့ဝင်) အယောက် ၄၀ ကျော် ချထားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။  

အူးသူးထ စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၃၀၄ စုရှိပြီး လူဦးရေ ၁၉၉၈ ဦးရှိကာ ယခုလ ၁၂ ရက်နေ့ တွင် စာရင်းပြန်စီစစ်ရာ ၁၀၇၀ ဦးသာ ကျန်ရှိတော့သည်ဟု ဆိုသည်။

ယခုလ ၈ ရက်နေ့က အိမ်ထောင်စု ၂၉ စု တပြိုင်တည်း ပြန်သွားကြပြီး အများစုသည် ဘားအံခရိုင်တွင်းရှိ ဝါ့မီကလား၊ တာအူးကေထ၊ ပို့ဖေါ်လေး၊ ပနွဲ့ပူ စသည့်ရွာများမှ ဖြစ်သည်။ ယင်းမှ ဝါ့မီကလားရွာသို့ ပြန်သူ လူဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။

ထာ့ဆောင်ယန်း မြို့နယ်အတွင်းရှိ ဒုက္ခသည်များကို ပြန်ပို့ရန် ယခင် ၂၆ ရက်နေ့က နိုဘိုးစခန်း၌ တာ့ခ်ခရိုင် အာဏာပိုင်များ၊ ကုလသမဂ္ဂ ဒုက္ခသည်ရုံး၊ အန်ဂျီအိုများ၊ ကရင့်အမျိုးသား အစည်းအရုံး -KNU နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် DKBA တို့ု့ ဆွေးနွေးခဲ့သေးသည်။  

KNU နှင့် DKBA တာဝန်ရှိသူတို့က ဒုက္ခသည်များ ပြန်ကြမည့် နယ်မြေများတွင် မြေမြုပ်မိုင်းများရှိသဖြင့် လုံခြံုရေး စိုးရိမ်ရကြောင်း ယင်းဆွေးနွေးပွဲအပြီး ပြောဆိုခဲ့ကြသည်။

DKBA တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်း ရ မှ အရာရှိတဦးက “ကျနော်တို့က ပြောပြီးပြီ ဒီနယ်မြေ၊ ဒီဂွင်တွေမှာ KNU စစ်တပ်နဲ့ ကျနော်တို့တွေ နယ်မြေလုံခြံုရေးအတွက် ထောင်ထားတဲ့ မိုင်းတွေရှိတယ်။ ဘယ်နေရာမှာ မြုပ်ထားတယ်ဆိုတာ မြင်နိုင်တာ မဟုတ်ဘူးလေ” ဟု မဇ္စျိမကို ယနေ့ ထပ်မံ ပြောဆိုသည်။  

ယင်းဒုက္ခများသည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းက နအဖနှင့် DKBA ပူးတွဲ ထိုးစစ်ကြောင့် ကရင် အမျိုးသား အစည်းအရုံး -KNU  တပ်မဟာ ရ ပိုင် ဘားအံခရိုင်၊ ပိုင်ကျုံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ မဲ့လာအားခီး၊ မဲ့လာအားထာ၊ ဝါ့မီကလား၊ ထီးကဟော အစရှိသည့် ကျေးရွားများမှ ဒေသခံ ကရင်တိုင်းရင်းသားများ ဖြစ်ကြသည်။  

သူတို့သည် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သလေထာ့၊ အူသူးထ၊ နို့ဘိုး စသည့် ယာယီစခန်းများ၌ ခိုလှုံနေကြရခြင်း ဖြစ်သည်။

Most read this week