မလေးရှားနိုင်ငံရောက် ကရင်နီအမျိုးသား ၅ ဦး အလုပ်အကိုင် လိုက်လံရှာဖွေပေးသော ပွဲစားတို့၏ လိမ်လည်လှည့်ဖျားမှု လက်အောက်မှ လွတ်မြောက်ခဲ့ကြသည်ဟု ကရင်နီလူမှုစောင့်ရှောက်ရေး အသင်းက ပြောသည်။
အလုပ်ပွဲစားမှ အဆိုပါ ကရင်နီ ၅ ဦးအား တဦးလျှင် မလေးရင်းဂစ် ၁၀၀ (ဘတ် ၉၅၀ ခန့်) ကောက်ခံကာ တယ်လီဖုန်းရုံးတွင် အလုပ် ရှာပေးမည်ဟု ပြောဆိုထားပြီး ပြီးခဲ့သည့် ၁၂ ရက်နေ့က ကားဖြင့် ခေါ်ဆောင်သွားခဲ့သော်လည်း အလုပ်ရုံ မဟုတ်သည့် ကားလမ်းမကြီး တနေရာတွင် ပစ်ထားခဲ့ခြင်း ဖြစ်သည်။
“ကယားကလေး ၅ ယောက် ကားနဲ့ သယ်သွားတယ်။ အလုပ်ကိစ္စနဲ့တဲ့။ ဖုန်းဆက်လာတယ်။ မြန်မာအလုပ်သမား အေဂျင်စီကို ကျနော် ဆက်လိုက်တယ်။ ကျနာ့်လူတွေကို ဘယ်ကို ထည့်ပေးလိုက်တာလဲလို့ မေးတယ်။ သူတို့ ပို့ပေးလိုက်တာ သူတို့ ဘယ်သွားလဲတော့ မသိဘူးလို့ ပြောတယ်။ နောက်ရဲကို ဆက်လိုက်တယ်။ အကျိုးအကြောင်း ကို ပြောပြတော့ ရဲက သူတို့ နောက်ကို လိုက်သွားတော့တာပေါ့။
အဲ့ဒါနဲ့ ပြန်လွတ်လာကြတာ” ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် ကရင်နီလူမှုကူညီ စောင့်ရှောက ်ရေးအသင်း ဥက္ကဌ ပက်ထရစ် ဂျိမ်းစ် (Patrick James)က ပြောပါသည်။ ယခင်နှစ်များတွင်လည်း ယခုလို အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ဖူးသည်မှာ ၅ ကြိမ်လောက် ရှိခဲ့ဖူးသည်ဟု ပက်ထရစ်ဂျိမ်းစ်က ဆက်ပြောသည်။
အလုပ်ပွဲစားတို့၏ လိမ်လည်မှု လက်ထဲမှ လွတ်မြောက်လာသော ကရင်နီအမျိုးသား ၅ ဦးထဲမှ တဦးက “ဒီဗမာ တယောက်လည်း ဖုန်းဆိုင်မှာ အလုပ်သွားလုပ်မယ် ပြောတယ်။ နောက်ပြီးမှ သူက ဘင်္ဂလား တယောက်ဆီကို ဆက်တယ်။ ကားနဲ့ လာကြိုတယ်။ အလုပ် ရှာပေးမယ်ပေါ့။ သွားရင်လည်း ဖြောင့်ဖြောင့်မသွားဘူး။ ဟိုချောင်း မှာ နားလိုက်၊ ခြုံထူတဲ့ နေရာတွေမှာ နားလိုက် လုပ်နေတယ်လေ။ နောက်ဆုံးတော့ ရဲက သူ့ကို လိုက်တယ် ထင်တယ်။ ကျနော်တို့ကို တောင်ကုန်းတနေရာမှာ ချန်ထား လိုက်တယ်။ ဒီမနက်မှ ပြန်လာရတာ” ဟု ပြောသည်။
ပွဲစားလက်မှ လွတ်မြောက်လာသော ကရင်နီအမျိုးသား ၅ ဦးသည် မလေးရောက် ကရင်နီဒုက္ခသည်များ ဖြစ်ကြပြီး ယခုလောလော ဆယ်၌ ကရင်နီလူမှုကူညီ စောင့် ရှောက်ရေး အသင်း ရုံးတွင် ခေတ္တနေထိုင်ကြသည်။
မလေးရှားနိုင်ငံတွင် ယူအဲန်အိတ်ချ်စီအာမှ မှတ်ပုံထားသည့် ကရင်နီဒုက္ခသည်ပေါင်း ရ၀၀ ကျော်ရှိပြီး မှတ်ပုံတင်မထားသေးသည့် လူဦးရေ အပါအဝင် ၁၀၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။



