အပစ်ရပ်နယ်မြေအတွင်း အစိုးရစစ်ယာဉ်တန်း ညဘက်ဖြတ်သန်း အကဲစမ်း

အပစ်ရပ်နယ်မြေအတွင်း အစိုးရစစ်ယာဉ်တန်း ညဘက်ဖြတ်သန်း အကဲစမ်း
စစ်အစိုးရတပ် ခလရ ၂၉၆ မှ စစ်ကြောင်းတကြောင်း အပစ်ရပ် SSA မြောက်ပိုင်း  နယ်မြေအတွင်း ညဘက်ဖြတ်သန်း သွားလာကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆို ...

စစ်အစိုးရတပ် ခလရ ၂၉၆ မှ စစ်ကြောင်းတကြောင်း အပစ်ရပ် SSA မြောက်ပိုင်း  နယ်မြေအတွင်း ညဘက်ဖြတ်သန်း သွားလာကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း-တာ့ကော့် အခြေစိုက် ခလရ ၂၉၆ မှ ဗိုလ်မှူးကျော်ဝင်းနိုင် ဦးဆောင်သည့် စစ်ယာဉ်တန်း (တရုတ်လုပ် တုန်းဖုန်း) ကား ၄ စီး အင်အား ၁၀၀ နီးပါး  အောက်တိုဘာ ၄ ရက် ည ၈ နာရီက မိုင်းဇန် (မိုင်းရှူးမြို့တောင် ဘက်) မှ မိုင်းရှူးရတနာမြေသို့ ညတွင်းချင်းခရီးထွက်ရာ နေ့ဘက်မိုင်းရှူး၌နားပြီး အောက်တိုဘာ ၅ ရက် ည ၈ နာရီ မိုင်းရှူးမှ ဆက်ထွက်ခွါ၍ အပစ်ရပ် မြောက်ပိုင်း SSA တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်းသို့  ည ၉ နာရီကျော်တွင်ဖြတ်သန်း သွားသည် ဟု ဆိုပါသည်။

အမည်မဖေါ်လိုသည့် အပစ်ရပ် မြောက်ပိုင်း SSA အရာရှိတဦးက - “အရင်က အခုလိုမျိုး SSA နယ်မြေအတွင်း ညဘက် သွားလာတာ မရှိခဲ့ဖူးဘူး။ တပ်စခန်း အပြောင်းအလဲရှိလည်း နေ့ခင်းပိုင်း သွားလာတာများတယ်” - ဟု ဆို၏။

ဤကဲ့သို့ စစ်အစိုးရတပ် ညဘက် သွားလာလှုပ်ရှားခြင်းမှာ အဓိက အကြောင်းရင်း ၃ ခု ရှိနိုင်ကြောင်း - (၁)အပစ်ရပ် တို့၏ လှုပ်ရှားမှု စစ်ရေးပြင်ဆင်မှု သတိ၀ိရိယထားရှိမှု  စုံစမ်းသိရှိလိုခြင်း၊ (၂) အပစ်ရပ်နယ်မြေအတွင်းဖြတ်သန်းသွား စဉ် အမာခံ သတင်းပေး သူလျှိုများ လျှို့ဝှက်ချထားခြင်း၊ (၃) အများပြည်သူသိမည်စိုးသဖြင့် လက်နက်ကြီးလျှို့ဝှက် သယ်ဆောင်ခြင်း - စသည်တို့ ဖြစ်နိုင်ကြောင်း ဆက်ပြောပြပါသည်။

အပစ်ရပ်အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှင့် ရင်းနှီးသည့် ခရီးသွားတဦးက - “ အရင်တုန်းက အပစ်ရပ်နယ်မြေအတွင်း အစိုးရ စစ်ယာဉ်တန်းဖြတ်ဖို့ရှိရင် ၁ ရက် - ၂ ရက် ကြိတင်အကြောင်းကြားတယ်။ အခု ဘာမှမပြောဘူး၊ ၀မ့်ဟိုင်းအဝင်ဂိတ်နား ရောက်မှ ဖြတ်သန်းခွင့်အတွက် အကြောင်းကြားတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

စစ်အစိုးရသည် နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များအား ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလ နောက်ဆုံးထားပြီး နယ် ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးထားသကဲ့သို့ အပစ်ရပ်မြောက်ပိုင်း SSA တပ်ဖွဲ့ကိုလည်း ပြည်သူ့ စစ်အဖြစ် ကူးပြောင်းရန် အကြိမ်ကြိမ် ခေါ်ယူဖိအားပေးခဲ့သော်လည်း အပစ်ရပ်မြောက်ပိုင်း SSA တပ်ဖွဲ့က အချိန်ဆွဲ၍ ခေါင်းခါငြင်းဆန် ထားသည်။

Most read this week