ကရင်နီပြည် ဒီမောဆိုမြို့နယ် ဒီကျေး ကျေးရွားအုပ်စုတွင် အာဏာပိုင်များက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ရပ်ကွက်တိုင်းရှိ ရပ်ကွက် ဥက္ကဌများကို အဖွဲ့အစည်း (၄) ခုကို မဖြစ်ဖြစ်အောင် ဖွဲ့စည်းခိုင်းပြီး အတင်းအဓမ္မ တရပ်ကွက်လျှင် (၁၇) ယောက် အဖွဲ့ဝင်ရသည်ဟု ဒေသခံများက ပြောသည်။
၎င်းက “ဥက္ကဌက ဖွဲ့စည်းတစ်ခုထဲ ၀င်ခိုင်းတော့ ၀င်ရတာပဲ” ဟု ဒီကျေးကျေးရွာမှ ဒေသခံတဦးက ပြောသည်။
အာဏာပိုင်များက ဖွဲ့စည်းထားသော အဖွဲ့အစည်းများတွင် တရပ်ကွက်လျှင်် ပြည်သူ့စစ်အဖွဲ့နှင့် ရပ်ကွက်လုံခြံုရေး အဖွဲ့များ၌ (၄) ယောက်စီ ၀င်ခိုင်းပြီး၊ စွမ်းအားရှင် အဖွဲ့အစည်းတွင် (၂) ယောက်နှင့် အမျိုးသမီးရေးရာ အဖွဲ့အစည်းတွင်လည်း (၇) ယောက်စီ ရပ်ကွက်လိုက် အဖွဲ့အစည်းတိုင်းတွင် ၀င်ရသည်ဟု ဒီမောဆိုမြို့ ဒေါငံခါးရပ်ကွက်တွင် နေထိုင်သော ဒေသခံတဦးက ပြောသည်။
၎င်းက “ခုချိန်မှာတော့ ဘာမှ မခိုင်းသေးပါဘူး။ ပြည်သူတွေရဲ့ အဝင်အထွက်တွေကို လေ့လာကြည့်ရှု့ခိုင်းထားတာလောက်ပါပဲ” ဟု ဆက်ပြောသည်။
အဖွဲ့ဝင်ခိုင်းသော ရပ်ကွက်များမှာ ဒီမောဆိုမြို့နယ်အတွင်းရှိ တနန်ခုရပ်ကွက်၊ ဥခူရီရပ်၊ ထူလွီးဘီလာရပ်၊ ခေါက်ဘလော့ရပ်၊ မှားနာပလောရပ်၊ စျေးကုန်းရပ်၊ ဆာထံရော်ရပ်၊ ဒေါငံခါး ရပ်ကွက် (၁၊ ၂၊ ၃၊ ၄ )နှင့် နောင်ပုလဲရွာများ ဖြစ်ကြသည်။
မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးဟု ဆိုပြီး စစ်အစိုးရမှ လမ်းပြမြေပုံ (၇) ချက်ကို ချမှတ်၍ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေ မူကြမ်းကို အတည်ပြုကာ လာမည့် ၂၀၁၀ အတွက် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေပါသည်။



