မြန်မာစစ်အစိုးရအား လက်နက်ကိုင်သော နည်းလမ်းဖြင့် ဆက်လက် တော်လှန်တိုက်ခိုက်သွားရန် ယနေ့ ကျရောက်သည့် ကရင်နီ တပ်မတော်နေ့တွင် တပ်မတော်အင်အား (၁၀၀) ၀န်းကျင် ထပ်မံ ဖြည့်ဆည်းလိုက်ပါသည်။
ယခုလက်ရှိ မြန်မာစစ်အစိုးရအား အင်အား (၈၀၀) ခန့်ဖြင့် တော်လှန်တိုက်ခိုက်နေရာမှ ယနေ့ သြဂုတ်လ (၁၇) ရက်တွင် ကျရောက်သည့် (၆၁) မြောက် ကရင်နီတပ်မတော် နေ့ထူးနေ့မြတ်တွင် အင်အား (၈၀) ကျော် ရှိသည့် သင်တန်းသားများအား သစ္စ္စာရေ တိုက်ခြင်းဖြင့် ရဲဘော်များ အဖြစ်သို့ အသိအမှတ်ပြုပေးလိုက်သည်။
စစ််အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း (၆၀) ကျော် တော်လှန်တိုက်ခိုက်လာခဲ့သည့် ကရင်နီတပ်မတော်တို့သည် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်မှာ (၇၀၀၀) ရှိသွားပြီ ဖြစ်သော်လည်း ယခုလက်ရှိ တိိုက်ပွဲဝင်နေကြသည့် အင်အားမှာ (၈၀၀) ခန့်သာ ကျန်ရှိသည့်အတွက် ယခုလို အင်အား ထပ်မံ ဖြည့်စွက်မှုများ ဖြစ်ပေါ်လာပါသည်။
ကရင်နီတို့သည် စစ်အစိုးရအာဏာရှင်စနှစ်ကို တော်လှန်တိုက်ခိုက်ရာမှာ စစ်ရေးအရ လက်နက်ကိုင်သော နည်းလမ်းတခုဖြင့်သာ တော်လှန်နေခြင်း မဟုတ်ဘဲ နိုင်ငံရေးအရ ပြဿနာများကို ဖြေရှင်းနိုင်ရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဖွဲ့၍လည်း တော်လှန်ရေးကို နိုင်ငံရေးနည်းအရ ဆင်နွဲနေသည်။
“လူမျိုးစု ဖြစ်တဲ့ ကျနော်တို့ ကရင်နီတဖွဲ့ထဲ အနေနဲ့ မြန်မာပြည်ရဲ့ ပြဿနာကို ကျနော်တို့ တဖွဲ့ထဲတည်းနဲ့ လုပ်လို့ မရဘူး။ မြန်မာပြည်က လူမျိုးစုတွေ အားလုံးကနေ ပါ၀င်ရမှာ ဖြစ်တယ်။ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံရေးအရ၊ စစ်ရေးအရ ပူးပေါင်းပြီးမှ လုပ်ဆောင်ရမှာ ဖြစ်တယ်။ တဖွဲ့ထဲနဲ့ ဖြေရှင်းလို့ ရတဲ့ကိစ္စ မဟုတ်ဘူး” ဟု ကရင်နီတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက (၆၁) ပြည့် ကရင်နီတပ်မတော်နေ့ အခမ်းးအနားတွင် ပြောကြားပါသည်။
ယနေ့ ကျရောက်သည့် ကရင်နီတပ်မတော်နေ့ အခမ်းအနားကို ကရင်နီအမာခံ ညာမိုတပ်စခန်းတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသား မဟာမိတ်များ၊ ကရင်နီလူငယ်နှင့် ပြည်သူ (၆၀၀) ကျော်တို့့ကို ဗိုလ်ချုပ် ဘီထူးမှ တပ်မတော်နေ့နှင့် ပါတ်သက်သည့် အကြောင်းအရာများ ဟောပြောပေးသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တဖွဲ့နှင့်တဖွဲ့ ပူးပေါင်းကူညီမှုသည် စစ်အစိုးရကို တော်လှန်တိုက်ခိုက်သည့် နေရာမှာ ပိုမိုထိရောက်ပြီး အကျိုးရှိသည့်ကိစ္စတခု ဖြစ်သည်ဟု ကရင်နီတပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်သော ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ တပ်ကြပ်ကြီး တဦးက ပြောသည်။
ကရင်နီတပ်မတော်ကို ပြီးခဲ့သည့် ၁၉၄၈ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီး ဖဆပလအစိုးရ လက်ထက်မှ စ၍ မဆလ၊ နဝတ၊ နအဖစစ်အစိုးရ အဆက်ဆက်ကို ယနေ့တိုင် လက်နက်ကိုင်သည့် နည်းလမ်းနှင့်အတူ နိုင်ငံရေး နည်းလမ်းဖြင့်လည်း ခုခံတော်လှန်တိုက်ခိုက်နေသည်မှာ (၆၁) ပြည့်သွားပြီ ဖြစ်သည်။



