နယ်စပ်ဂိတ် တင်းကြပ်ထားသောကြောင့် မြန်မာအလုပ်သမားများ လျှော့ကျလာ

နယ်စပ်ဂိတ် တင်းကြပ်ထားသောကြောင့် မြန်မာအလုပ်သမားများ လျှော့ကျလာ
by -
နှောင်းလှိုင်
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရနှောင်းဂိတ်ကို တင်းကြပ်စွာ လုံခြံုရေး ချထားသောကြောင့် မြန်မာရွေ့ပြောင်း အလုပ်သမားများ သိသိသာသာ လျှော့ကျသွားကြောင်း ရွေ့ပြောင်းအလုပ်သမား အခြေခံ လူ့အခွင့်အရေး ပညာပေး အဖွဲ့က ပြော ...

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရနှောင်းဂိတ်ကို တင်းကြပ်စွာ လုံခြံုရေး ချထားသောကြောင့် မြန်မာရွေ့ပြောင်း အလုပ်သမားများ သိသိသာသာ လျှော့ကျသွားကြောင်း ရွေ့ပြောင်းအလုပ်သမား အခြေခံ လူ့အခွင့်အရေး ပညာပေး အဖွဲ့က ပြောသည်။

“ဒီနှစ်ဆိုခုတော့ နည်းနည်းပါးသွားပြီ ပြီးခဲ့တဲ့ နှစ်တုန်းက ဆိုရင် တနေ့မှာဆိုရင် ခန့်မှန်းချက်အရ ပြောမယ်ဆိုရင် ၃၀ နဲ့ ၅၀ ကြားမှာ ရှိတယ်၊ ခုတော့ နယ်စပ်လုံခြံုရေးတွေရဲ့ ဂိတ်က ပိတ်ထားတယ်ဆိုတော့ ခုလောလောဆယ် ဝင်လာတာ အတိအကျတော့့ ပြောနိုင်ပေမဲ့ ၅ယောက်နဲ့ ၁၀ ယောက်ကြားမှာတော့ရှိမှာပဲ” ဟု မြန်မာ ရွေ့ပြောင်းအလုပ်သမား အခြေခံလူ့အခွင့်အရေး ပညာပေး အဖွဲ့ (Grassroots HRE) မှတာဝန်ခံ ဦးမိုးဝေက ပြောပါသည်။

ထိုင်းအလုပ်သမား ဝန်ကြီးဌါန၊ ရဲဌါနချုပ်နှင့် လူဝင်မှုရေးကြီးကြပ်ရေးတို့ ပူးပေါင်းပြီး နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဇူလိုင်လမှစပြီး မြန်မာရွေ့ပြောင်း အလုပ်သမားများကို အလုပ်သမားကဒ်ပြားများ သေချာစွာ စစ်ဆေးခြင်းကြောင့် ယခုလို ထိုင်းနိုင်ငံသို့ဝင်လာသည့် မြန်မာအလုပ်သမားများ လျှော့ကျလာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့  မြန်မာရွေ့ပြောင်း အလုပ်သမားများအားလုံး တစ်သန်းကျော်ရှိသည့်အနက် အလုပ်သမား ကဒ်လုပ်ထားသောသူများမှာ ၈ သိန်းလောက်ရှိပြီး များသောအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ရော်ဘာစိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် လုပ်ကိုင်ကြသည်။ အနည်းစုသာ ထိုင်းနိုင်ငံရှိ အဲန်ဂျီအို အဖွဲ့အစည်းများ၌ လုပ်ကိုင်ကြသည်။

ထိုရွေ့ပြောင်းအလုပ်သမားများသည် အချင်းချင်းသော်လည်းကောင်း၊ ဒေသခံ ထိုင်းနိုင်ငံသားများနှင့်သော်လည်းကောင်း၊ အလုပ်ရှင်နှင့်သော်လည်းကောင်း လူ့အခွင့်အရေး ချိုးဖောက်သည့်ပြဿနာများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။

“ကျနော် ရော်ဘာခြံထဲမှာပဲနေတော့ ဒီရော်ဘာခြံရဲ့ အခက်အခဲကို ကျနော်သိတာပေါ့၊  ကြံုလည်းကြံုခဲ့ဖူးပါတယ်၊ မြင်လည်း မြင်ခဲ့ဖူးပါတယ် အဲဒါက ဘာလဲဆိုလို့ရှိရင် ဟိုတုန်းက လွန်ခဲ့တဲ့ စူနာမီဖြစ်တုန်းက ဆိုလို့ရှိရင် ဒါးပြတိုက်ခံဖြစ်တာတို့ ရော်ဘာခြံထဲမှာ နေတဲ့လူတွေ ယောကျင်္ားကို သတ်ပြီးတော့ မိန်းမကို အနိုင်ကျင့်သွားတာတို့ စော်ကားသွားတာတို့ အဲဒါတော့ အများကြီး ကျနော်ကြံုခဲ့ ဖူးတယ်” ဟု ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ခရိုင် တာကွန်ပါမြို့ရှိ ရော်ဘာခြံတွင်၂၁ နှစ် အလုပ်လုပ်လာခဲ့သော မြန်မာရွေ့ပြောင်း အလုပ်သမားတဦးက ပြောပြပါသည်။

“ရော်ဘာခြစ်တာကတော့ အခက်အခဲက အခု ရော်ဘာစျေးကျလို့ လုပ်ရကိုင်ရတာအဆင်တော့ သိပ်မပြေဘူး” ဟု ၉ နှစ်အတွင်း ရော်ဘာအလုပ်လုပ်နေသော အသက် ၂၁ ရှိ မင်းမင်းက ပြောပြပါသည်။

ယမန်နေ့ ၁၂ ရက် ထိုင်းဘုရင်မ မွေးနေ့တွင် ထိုင်းနိုင်ငံ၏ မိဖုရားကြီးအား သိရှိစေရန်၊ အလုပ်သမားချင်း ရင်းနှီးမှုရှိစေရန်နှင့် မူးယစ်ဆေးဝါးနှင့် ကင်းရှင်းရန် ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်ရန်အတွက် ရည်ရွယ်ပြီး မြန်မာ ရွေ့ပြောင်းအလုပ်သမား အခြေခံ လူ့အခွင့်အရေး ပညာပေးအဖွဲ့မှ ထိုင်းဘုရင်မမွေးနေ့ကို မြန်မာရွေ့ပြောင်း အလုပ်သမားများအတွက် အမှတ်တရ လုပ်ပေးသည်ဟု ဦးမိုးဝေက ရှင်းပြပါသည်။

ထိုအခမ်းအနားတွင် မြန်မာရွေ့ပြောင်းအလုပ်သမား ၅၀၀ နီးပါးလောက် တက်ရောက်ကြပြီး ၄ ကြိမ်မြောက်ဖြစ်သည်ဟု ဆိုသည်။

Most read this week