မြန်မာစစ်အစိုးရ ခမရ တပ်ရင်း ၅၇၅ မှ လက်ဖြောင့်တပ်သား သုံးဦးသည် တပ်ကြပ်ကြီးအား ပစ်သတ်ပြီး ကရင်နီတပ်မတော် ထိန်းချုပ်သည့် ဒေသများသို့ တနင်္ဂနွေနေ့တွင် ထွက်ပြေးလာခဲ့ကြသည်။
တပ်တွင်း၌ အထက်အရာရှိများနှင့် ဆက်ဆံရေး မပြေလည်သည့်အတွက် ခမရ ၅၇၅မှ တပ်ကြပ်ကြီးဖြစ်သူ မြင့်မောင်အား သြဂုတ်လ (၈) ရက်နေ့တွင် ပစ်သတ်ခဲ့ပြီး ကရင်နီတပ်မတော် တပ်စခန်းများသို့ လက်နက် အပြည့်အစုံတို့ဖြင့် ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထွက်ပြေးလာသော တပ်သား သေးဇော် အသက် (၂၁)၊ နိုင်အောင် (၂၃)နှင့် ထွန်းထွန်းဝင်း (၂၄) တို့မှာ တပ်ရင်း ၅၇၅ မှ စစ်ကြောင်း ၁ လက်ဖြောင့် တပ်စိပ်မှ တပ်သားများ ဖြစ်ကြသည်။
“ကျနော်တို့ တပ်ကြပ်ကြီးအတွက် ဟင်း၊ ထမင်း ချက်ကျွေးရတယ်၊ သူက ဘာမှ မလုပ်ဘူးလေ။ အဆဲလည်း ခံရတယ်။ အစက စစ်သားဖြစ်ချင်လို့ စစ်ထဲကို ၀င်တာမှ မဟုတ်တာ။ ဒါကြောင့် စိတ်နာပြီး ထွက်ပြေးဖို့ ညှိကြတာ” ဟု လက်ဖြောင့်သတ်သား သေးဇော်က ပြောသည်။
ဆက်လက်ပြီး သေးဇော်က “တပ်ကြပ်ကြီးပါလို့ ကျနော်တို့ ပြေးလို့မရဘူး ဖြစ်နေတယ်။ ဒါကြောင့် အရင်သတ်ပြီးမှ ထွက်ပြေးတာ” ဟု ပြောပါသည်။
အဆိုပါ လက်ဖြောင့် ၃ ဦးနှင့်အတူ MA-1 သေနတ် ၃ လက်၊ ကျည်ဘောက် ၆ ကဒ်၊ ကျည်ဆံ ၁၆၀ နှင့် အီကွင်းမင်း ၁ စုံနှင့်အတူ ပါရှိသည်ဟု ကရင်နီတပ်မတော်က ပြောသည်။
“သူတို့ဘာကြောင့် ထွက်ပြေးလာရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် မသိရပေမယ့်လို့ သူတို့ အားနည်းချက်၊ မပြည့်စုံမှုကြောင့်၊ စိတ်ဓါတ်ရေးရာပိုင်းမှာ ဖိစီးမှု အမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်” ဟု ကရင်နီတပ်မတော်မှ ဗျူဟာမှူး ဘျားရယ်က ပြောသည်။
ထွက်ပြေးလာသည့် စစ်အစိုးရ လက်ဖြောင့်သား (၃) ဦးနှင့်အတူ အထမ်းသမားတဦး လိုက်ပါလာခဲ့သော်လည်း ၎င်းအထမ်းသမား တဦးမှာမူ အစာရေစာ ငတ်မွတ်မှုကြောင့် ထွက်ပြေးလာသည့် သူတို့၏ နောက်ကို အမှီလိုက်နိုင်ခြင်း မရှိသည့်အတွက် ယနေ့ထိ တစုံတရာ အစအနများ မသိရှိရသေးပါ။
ထို့အပြင် တပ်ကြပ်ကြီးအား ပစ်သတ်လိုက်သည့် သေနပ်နှင့်အတူ ပါသွားသည်ဟု ရောက်ရှိလာသည့် စစ်သားတို့၏ ပြောပြချက်အရ သိရသည်။
ခမရ တပ်ရင်း ၅၇၅ မှ အဓိက လှုပ်ရှားနေသည့် ဒေသမှာ ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်း ဒေသများ ဖြစ်သည့် အင်ဇောင်းကုန်း ပွိုင့် (၂၈၈၈)၊ ကန်ကိန်းကုန်း၊ ပွိုင့် (၃၂၂၂)၊ နီလာကုန်းတို့ ဖြစ်သည်။



