ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ

ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
by -
ပါးရယ်
ကရင်နီပြည်၊ ရှားတောမြို့နယ် ဘဲငေါ့ကျေးရွာသားတဦးသည် ကရင်နီတပ်မတော်နှင့် ဆက်သွယ်သည်ဟု မြန်မာစစ်အစိုးရ ခြေမြန်တပ်ရင်း ခမရ ၂၆၁ မှ စွပ်စွဲထားပြီး ၎င်းအား ဖမ်းဆီးနိုင်ရန် ပြန်ပေးဆွဲသည့် အနေဖြင့် ဆယ်ကျော်သက်အရွယ် သားဖြစ်သူအား တပ်စခန်းထဲသို့ ဖမ်းဆီး ...

ကရင်နီပြည်၊ ရှားတောမြို့နယ် ဘဲငေါ့ကျေးရွာသားတဦးသည် ကရင်နီတပ်မတော်နှင့် ဆက်သွယ်သည်ဟု မြန်မာစစ်အစိုးရ ခြေမြန်တပ်ရင်း ခမရ ၂၆၁ မှ စွပ်စွဲထားပြီး ၎င်းအား ဖမ်းဆီးနိုင်ရန် ပြန်ပေးဆွဲသည့် အနေဖြင့် ဆယ်ကျော်သက်အရွယ် သားဖြစ်သူအား တပ်စခန်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံက ပြောသည်။

ကရင်နီတပ်မတော်နှင့် ဆက်သွယ်မှုကြောင့် ဖခင်ဖြစ်သူ ခီးရယ်မှာ ယခင်လကတည်းကရွာမှ ထွက်ပြေးပုန်းအောင်းနေခြင်းကြောင့် အိမ်တွင် ကျန်ရစ်နေသော သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် လေးရယ်အား တပ်စခန်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ကျေးရွာဥက္ကဌမှ ဖခင်အား အကျိုးအကြောင်းပြော၍ တပ်စခန်းတွင်းရှိ ချုပ်နှောင်ထားခြင်း ခံနေရသော သားဖြစ်သူ ပြန်လည် လွတ်မြောက်ရန် ဖခင်နှင့် အလဲအလှယ်် လုပ်ခဲ့ကြရသည်။

ဖခင်အား ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၃ နှစ် ကျခံရနိုင်ဖွယ်ရှိသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရပါသည်။

ရှားတောဒေသခံတဦးက “စစ်တပ်တွေ ဖမ်းသွားတဲ့ ရွာသားတဦး (ခီးရယ်)က အခုချိန်ထိ ရွာကို ပြန်မရောက်လာ တော့ဘူးလို့ ပြောကြတယ်။ သူတို့ သူ့ကို ရိုက်သတ်လိုက်ပြီလား မသိဘူး” ဟု ပြောသည်။

ယင်းအကြောင်းနှင့် ပတ်သက်ပြီး ကရင်နီပြည်ထဲရေးဌာနမှ ဒု-တာဝန်ခံ ဘားမားနိုင်က “အထူးသဖြင့် ဗမာစစ်တပ်တွေက အထောက်အထား ခိုင်လုံတာ မရှိဘူး။ သူတို့ လွတ်တဲ့ သူတို့လူ (၅၀)တပ်၊ (၁၀၀) တပ်တို့တွေက လူတယောက်ယောက်ကို အမြင် မကြည်ဘူးဆိုရင် သူတို့ ဘယ်လိုလုပ်လဲဆိုတော့ လျို့ဝှက်ချက်နဲ့ သွားတိုင်ကြားပေးတယ်လေ။ လုပ်ကြံသတ်ဖြတ်ကြတဲ့ သဘောပေါ့။ အခုဟာလည်း အဲလိုပဲဖြစ်တယ်လို့ ကျနော် မြင်တယ်” ဟု ပြောသွားသည်။

ယခုလောလောဆယ် ဖမ်းဆီးထားသော ခီးရယ်အား လွိုင်ကော်ထောင်တွင် ထားရှိပြီး နောက်ပိုင်းတွင် အခြားထောင်သို့ ပြောင်းရွေ့သွားနိုင်ဖွယ်ရှိသည်ဟု ဘားမားနိုင်က ပြောသည်။

Most read this week