ကရင်နီပြည် လွိုင်ကော်ထောင်ရှိ ထောင်အာဏာပိုင်များက ထောင်အတွင်း လူထုအုံကြွမှုဖြစ်မည်ကို စိုးရိမ်ကာ ဖမ်းဆီးအကျဉ်းချထားခြင်း ခံရသော ကယန်းလူငယ် ခေါင်းဆောင်သုံးဦးအား လွိုင်ကော်နှင့် ဝေးလံသည့် နယ်ထောင်များဘက်သို့ ပြောင်းရွေ့လိုက်သည်ဟု ကရင်နီလူငယ်အဖွဲ့ကပြောသည်။
“ပြောပုံအရ ထောင်ထဲမှာနေတာ နိုင်ငံရေးအကြောင်းပြောတယ်၊ ထောင်ထဲမှာလည်း အင်္ဂလိပ်စာ တွေသင်ပေး တယ်၊ လူ့အခွင့်အရေး အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပြောဆိုတာရှိတယ်။ အဲဒါကို ထောင် အာဏာပိုင်တွေက တခါနှစ်ခါ သတိပေးတာရှိ တယ်” ဟု ကရင်နီလူငယ်အဖွဲ့ (ကေအဲန်ဝိုင်အို) မှ တာဝန်ခံ တဦးကပြောသည်။
ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့ (ကေအဲန်ဂျီဝိုင်)နှင့် ကယားပြည်နယ် လူငယ်များအဖွဲ့ (ကေအစ်ဝိုင်) မှ ခေါင်းဆောင်များ ဖြစ်ကြသော ကေကောရီယို အား မိတ္ထီလာထောင်၊ ခွန်ဘီးဒူ (ခေါ်) လွီးဇီငြိမ်း ကို တောင်ငူ ထောင်နှင့် ဒီးဒီ အား မန္တလေးထောင်းသို့ ယခုဇူလှိုင်လ ၄ ရက်နေ့တွင်ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
“ထင်တာကတော့ ထောင်အတွင်းရေးပြဿနာတွေ ပေါက်ကြားလို့ပဲထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ထောင်တွင်းရေး ပြဿနာတွေဖြစ်တဲ့ ထောင်မှူးတွေရဲ့ ချစား လာဘ်စားမှုတွေ ကျနော်တို့ သတင်းအချက်အလက် သိရတယ်လေး” ဟု ကေအဲန်ဂျီဝိုင် မှ တာဝန်ရှိလူငယ်တဦးက ပြောသည်။
ထောင်မှူးများ၏ လာဘ်စားခြင်း သတင်းများ ထွက်ရှိပြီးနောက်တွင် ယခုလိုပြဿနာများ ထွက်ရှိလာပြီး ထောင်တွင်းရှိသော နိုင်ငံရေး အကျဉ်းသားများအား ထောင်ဝင်စာ တွေ့ခွင့်မရသည့်အပြင် တိုက်ပိတ်ထားခြင်း ခံရပါသည်။
၎င်းတို့သုံးဦးသည် ၂ဝဝ၈ မေလတွင် ကျင်းပပြုလုပ်ခဲ့သော စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး လူထုဆန္ဒခံယူပွဲ မတိုင်ခင်က ဆန္ဒခံယူပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်ရန် ဦးဆောင်ပြီး စည်းရုံးလှုံ့ဆော်မှုများ၊ ကန့်ကွက်မဲ လက်ကမ်းစာစောင်များ ဖြန့်ခြင်းများကြောင့် ဖမ်းဆီး အကျဉ်းချထားခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ နှောက်ယှက်မှု၊ သူပုန်နဲ့ ဆက်သွယ်မှု၊ တရားမဝင် ဆက်ထလိုက် ဖုန်းများ အသုံးပြုမှု စသည့် ပုပ်မများနှင့် ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခုလို ထောင်အသီးသီးသို့ ပြောင်းရွေ့ခြင်းခံလိုက်ရသောကြောင့် အဆုတ်အတွင်းသို့ ရေဝင်သည့်အပြင် ကျောက်ကပ်၊ အစာအိမ်မကောင်းသော ကေကောရီယိုအတွက် စိုးရိမ်မှုများဖြစ်ကြသည်ဟု ကေအဲန်ဝိုင်အို မှတာဝန်ခံတဦးက ပြောသည်။
၎င်းက “အဲဒီ မိတ္ထီလာထောင်က တော်တော်လေးဆိုးတယ်။ အာဏာပိုင်တွေက ထောင်သားတွေကို အရမ်း နှိပ်စက်တယ်။ ခိုးဆိုးနှိုက်တဲ့လူ၊ ရာဇဝတ်မှုကျူးလွန်တဲ့ လူတွေများထယ်။ သူ့ကျန်းမာရေး အခြေအနေ အရမ်း စိုးရိမ်ရတယ်” ဟုပြောသည်။
Published
Wednesday, July 29, 2009 - 22:16
လူထု အုံကြွမည်စိုး၍ အကျဉ်းကျ လူငယ်ခေါင်းဆောင်များ ထောင်ပြောင်း
ကရင်နီပြည် လွိုင်ကော်ထောင်ရှိ ထောင်အာဏာပိုင်များက ထောင်အတွင်း လူထုအုံကြွမှုဖြစ်မည်ကို စိုးရိမ်ကာ ဖမ်းဆီးအကျဉ်းချထားခြင်း ခံရသော ကယန်းလူငယ် ခေါင်းဆောင်သုံးဦးအား လွိုင်ကော်နှင့် ဝေးလံသည့် နယ်ထောင်များဘက်သို့ ပြောင်းရွေ့လိုက်သည်ဟု ကရင်နီလူငယ်အဖွဲ့ကပြော ...



