ကုလအတွင်းရေးမှူးချုပ်နှင့် အပစ်ရပ်အဖွဲ့ တွေ့ဆုံမှု အစိုးရ၏ လုပ်ကြံပြကွက်သာဖြစ်ဟုဆို

ကုလအတွင်းရေးမှူးချုပ်နှင့် အပစ်ရပ်အဖွဲ့ တွေ့ဆုံမှု အစိုးရ၏ လုပ်ကြံပြကွက်သာဖြစ်ဟုဆို
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ်တွင် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ များနှင့် တွေ့ဆုံမှုသည် မြန်မာစစ်အစိုးရ၏ လုပ်ကြံပြကွက်တခုသာ ဖြစ်သည်ဟု ကနေဒါနိုင်ငံရောက် ကရင်နီ လူငယ်များက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာ ...

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ်တွင် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ များနှင့် တွေ့ဆုံမှုသည် မြန်မာစစ်အစိုးရ၏ လုပ်ကြံပြကွက်တခုသာ ဖြစ်သည်ဟု ကနေဒါနိုင်ငံရောက် ကရင်နီ လူငယ်များက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာ လိုက်ပါသည်။
 
မြန်မာစစ်အစိုးရ သတ်မှတ်ပေးထားသည့် မစ္စတာဘန်ကီမွန်းနှင့် တွေ့ဆုံချိန်သည် အလွန်နည်းကာ ပြောချင်တာတွေ တင်ပြခွင့်မရှိ၍ အပစ်ရပ်ခေါင်းဆောင် အများစုကိုယ်တိုင်မှ စိတ်ပျက်ဖွယ်ရာများနှင့် ရင်ဆိုင်နေရသည်ဟု ကနေဒါရောက် ကရင်နီလူငယ်တဦးကဆိုသည်။
 
၎င်းက “အခြေအနေအမှန်တွေကို တင်ပြခွင့်မရှိခဲ့လို့ စစ်အစိုးရရဲ့ စီစဉ်မှုအတိုင်း ဆောင်ရွက်နေရတယ်။ နအဖ စစ်အစိုးရက သူဆင်ထားတဲ့ လမ်းကို မရောက်ရောက်အောင် မတရားနည်းနဲ့ ဆောင်ရွက်နေတယ်ဆိုတာ သိစေချင်တယ် အပစ်ရပ်ပြီးရင် စစ်အစိုးရရဲ့ လက်အောက်မှာ ကိုင်တွယ်မှုတွေကို ခံရမယ်” ဟုပြောသည်။
 
မြန်မာပြည်သူများ၏ ဘဝကို စာနာထောက်ထားပြီး တရားမျှတမှုနှင့် ဒီမိုကရေစီ အပြောင်းအလဲများကို အမှန်တကယ် ဖြစ်ပေါ်လာရန် တွန်းအားပေးခဲ့ခြင်း မဟုတ်ပဲ ရုပ်ပြသဘောသာ ဖြစ်ပြီး စစ်အစိုးရ၏ နိုင်ငံတကာ ဖိအားပေးမှုမှ ရှောင်လွဲနိုင်ရန် အတွက် လုပ်ကြံပြကွက်တခု သာဖြစ်ပါသည်။
 
ကရင်နီလူငယ်များစွာကို မတရားဖမ်းဆီးချုပ်နှောင်ပြီး ဥပဒေနှင့် မကိုက်ညီ နှစ်ရှည်ထောင်ဒဏ်များ ချမှတ် နေခြင်း၊ စစ်အစိုးရမှ ထိုးစစ်ဆင်မှုကြောင့် ပြည်တွင်းမှ ကရင်နီလူထုများ အိုးအိမ်စွန့်ခွာရပြီး ထိုင်းနိုင်ငံသို့ ကရင်နီ ဒုက္ခသည် အဖြစ် နေ့စဉ်နှင့်အမျှ တိုးပွားလာခြင်းဖြစ်သည့်အပြင် အပစ်ရပ်အဖွဲ့များ အနေဖြင့်လည်း ၎င်းတို့၏ အခက်အခဲများကြောင့် အဖိနှိမ့်ခံလူထုအတွက် လုံးလုံးလျားလျား ရပ်တည်ကာကွယ်မှုများ မပေးနိုင်သည်ကို တွေ့ရှိရသည်။
 
ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးအပြောင်းအလဲအတွက် သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပေါ်စေရန် ကမ္ဘာ့ကုလသမဂ္ဂလုံခြံုရေးကောင်စီမှ ပြတ်ပြတ်သားသားဆုံးဖြတ် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြသည်။

Most read this week