ကျောင်းဆရာ/မများ ၂၀၁၀ ပွဲလုပ်အားပေးရန် စာမေးပွဲ စောစီးစွာပြီးရန် ပြင်ဆင်နေရ

ကျောင်းဆရာ/မများ ၂၀၁၀ ပွဲလုပ်အားပေးရန် စာမေးပွဲ စောစီးစွာပြီးရန် ပြင်ဆင်နေရ
by -
မော်တခဲ
မြန်မာစစ်အစိုးရက ကျောင်းဆရာ/မ များကို ၂၀၁၀ ရွေးကောက်ပွဲတွင် တာဝန်ပေးနိုင်ရန် စီစဉ်လျှက်ရှိရာ ဒီဇင်ဘာလကုန်အထိ ကျောင်းသင်ခန်းစာများနှင့် စာမေးပွဲများကို အပြီးသတ် ဖြေဆိုရမည် ဖြစ်သည်ဟု ကျောင်းဆရာ/မများက ပြော ...

 
မြန်မာစစ်အစိုးရက ကျောင်းဆရာ/မ များကို ၂၀၁၀ ရွေးကောက်ပွဲတွင် တာဝန်ပေးနိုင်ရန် စီစဉ်လျှက်ရှိရာ ဒီဇင်ဘာလကုန်အထိ ကျောင်းသင်ခန်းစာများနှင့် စာမေးပွဲများကို အပြီးသတ် ဖြေဆိုရမည် ဖြစ်သည်ဟု ကျောင်းဆရာ/မများက ပြောသည်။

၂၀၀၉-၁၀ ပညာသင်နှစ်တွင် သင်ခန်းစာများကို ၂၀၁၀ အတွင်းသို့ မကူးစေရန် အခြေခံမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်း ကျောင်းများ၏ စာမေးပွဲများကို အပြီးဖြေဆိုရမည်ဖြစ်၍ သင်ခန်းစာ များကို ဖိပြီးသင်ကြားနေရသည်ဟု စစ်အစိုးရ ပညာရေးလက်အောက်ခံမှ ၀ါရင့်ကျောင်းဆရာတဦးကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအတွင်း ကျောင်းဆရာ/မများကို “မဲရုံမှူး၊ မဲရုံစောင့် စတဲ့လုပ်ငန်းတွေ တာဝန်ပေးစရာ ရှိတယ်လေ” ဟု ကရင်နီပြည်နယ်မှ ကျောင်းဆရာတဦးကပြောသည်။

၎င်းက “ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ခုနှစ်ထဲကို ပညာရေးလုပ်ငန်း မကူးစေချင်ဘူးပေါ့” ဟု ဆိုပါသည်။

တရားဝင် အမိန့်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း သင်ခန်းစာများကို အချိန်မှီပြီးမြောက်နိုင်ရေးအတွက် ပညာရေးမှူးများနှင့် အထက်တန်း ကျောင်းအုပ်များက ကျောင်းဆရာ/မများ၏ လစဉ်အစည်းအဝေးများ ပြုလုပ်ရာတွင် ပြောကြား ဆွေးနွေးလျှက်ရှိသည်ဟုဆိုသည်။

“၂၀၁၀ ရွေးကောက်ပွဲ ရှိတော့ ကျောင်းတွေကို စောစောပိတ်တာထင်တယ်။ အနောတို့ လက်လှမ်းမီတဲ့ ဒေသတချို့ပြောတာကတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတယ်။ အဲဒါကြောင့် ကျောင်းတွေကို စောစောပိတ်ရမယ်လို့ပဲ ပြောကြတယ်” ဟု ကရင်ပြည်နယ်၊ ကော့ကရိတ် နယ်ဒေသခံ တဦးကပြောသည်။

ဆရာ/မ တိုင်းသည် ရွေးကောက်ပွဲတွင် မိမိတို့အား မဲရုံစောင့်သည့် လုပ်ငန်းတာဝန်ကို ပေးအပ်မည်ဖြစ်သည်ကို ကြိုတင်သိရှိထားကြသည်ဟု ကရင်နီပြည်နယ် လွိုင်ကော်မြို့မှ ကျောင်းဆရာ/မနှင့် နီးစပ်သူတဦးက ပြောသည်။
 

Most read this week