ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင် အခြေစိုက်ထားသော မြန်မာစစ်အစိုးရတပ် ခမရ ၂၅၀ သည် တပ်ရင်းရုံး ပြန်လည် မွမ်းမံရန်အတွက် ရွာသားများအား လုပ်အားပေးဆင့်ခေါ်ပြီး လုပ်အားမပေးနိုင်သူများမှာ ဒဏ်ငွေများ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း ဒေသခံများက ပြောပြသည်။
လွိုင်ကော်မြို့နယ် ထီးစဲခါနှင့် တီးလုံ ကျေးရွာအုပ်စုများ၏ ဥက္ကဌများနှင့် အတွင်းရေးမှူးများကို ယခုလ (၇) ရက်နေ့တွင် အစည်းအဝေး ခေါ်ယူပြီး အရှည် (၈) တောင်ခန့်ရှိသော တိုင်လုံးပေါင်း (၈၀၀) ခုတ်ပေးရမည်ဟု ပြောဆိုကာ မခုတ်ပေးလျှင် ဒဏ်ငွေများပေးဆောင်ရမည်ဟု အမိန့်ချမှတ်သွားသည်ဟု တီးလုံ ဒေသခံတဦးက ပြောသည်။
၎င်းက“သူတို့ တပ်ရင်း ခြံစည်းရိုးတွေနဲ့ လုပ်တယ်။ တပ်ရင်းရုံး အဝိုင်မှာ ရှိတဲ့ ခြံစည်းရိုးတွေ အကုန်လုံး ပြန်ပြီး ပြုပြင် ဆောက်လုပ်ရမယ်” ဟု ပြောသည်။
ကျေးရွာအုပ်စု (၂) စု ရှိရာ တအုပ်စုလျှင် တိုင်အလုံးပေါင်း (၄၀၀) စီ တာဝန်ယူ ခုတ်ပေးရမှာဖြစ်ပြီး မခုတ်ယူပေး လျှင် တိုင်တစ်လုံးအစား ဒဏ်ငွေ (၅၀၀၀) ကျပ် အနေဖြင့် ပေးဆောင်မည်ဖြစ်သည်။ ခုတ်ပေးရမည့်တိုင်များမှာ ကျွန်းပင်မှတပါး အခြားအင်ပင်နှင့် ထင်းရူးပင်တို့ကို လက်မခံကြောင်း အမိန့်ချမှတ်ထားခဲ့သည်။
ထီးစဲခါနှင့် တီးလုံကျေးရွာအုပ်စုအပြင် ချစ်ကယ် ကျေးရွာအုပ်စုအတွင်းရှိ ရွာများကိုလည်း ၀ါးများခုတ်ခိုင်းသည်ဟုဆိုသည်။
“အခုဆိုရင် ရွာသူရွာသားတွေက လယ်ယာတွေ ထွန်ကုန်ပြီ။ တောင်ယာတွေ လုပ်ကြပြီ။ တယောက်မှ မအား တော့ဘူး။ ဒါပေမဲ့ စစ်တပ်က ခိုင်းပြီဆိုရင် သူတို့ မလုပ်ပေးရင်လည်း မရဘူးလေ။ သူတို့ လုပ်ပေးရတယ်။ တချို့က အဲလိုပဲ ငွေပေးတယ်” ဟု ချစ်ကယ်ကျေးရွာအုပ်စုမှ ဒေသခံတဦးကပြောပြသည်။
ခမရ ၂၅၀ ၏ တပ်ရင်းရုံး ခြံစည်းရိုးများနှင့် တပ်အဆောက်အဦးများကို ၂ နှစ်လျှင်တစ်ကြိမ် ပြုပြင်မွမ်းမံလေ့ရှိပြီး အနီးအနားရှိ ကျေးရွာများကို လုပ်အားပေးခေါ်ခိုင်းလေ့ရှိသည်ဟု ဆိုသည်။
ထီးစဲခါနှင့် တီးလုံး ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၈ ရွာခန့် ရှိပြီး လူဦးရေးအားဖြင့် ၁၀၀၀ ကျော်ခန့် နေထိုင်လျက်ရှိသည်ဟု သိရသည်။
Published
Tuesday, July 21, 2009 - 15:09
တပ်ရင်းရုံး မွမ်းမံရန် လုပ်အားမပေးသူများ ဒဏ်ငွေ ပေးဆောင်ရမည်
ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင် အခြေစိုက်ထားသော မြန်မာစစ်အစိုးရတပ် ခမရ ၂၅၀ သည် တပ်ရင်းရုံး ပြန်လည် မွမ်းမံရန်အတွက် ရွာသားများအား လုပ်အားပေးဆင့်ခေါ်ပြီး လုပ်အားမပေးနိုင်သူများမှာ ဒဏ်ငွေများ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ပြောဆိုထား ...



