မယ်လစခန်းကို ဒီကေဘီအေ ဝင်တိုက်ရန် ဖြစ်နိုင်ခြေမရှိ

မယ်လစခန်းကို ဒီကေဘီအေ ဝင်တိုက်ရန် ဖြစ်နိုင်ခြေမရှိ
by -
စောခါးစူးညား
မယ်လဒုက္ခသည်စခန်းအတွင်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) ဝင်ရောက်တိုက်ခိုက်မည် ဆိုသည့်သတင်းများ ထွက် ပေါ်လာခဲ့သော်လည်း ဖြစ်နိုင်ခြေမရှိဟု ယနေ့ ဇူလိုင်လ (၃)ရက်နေ့တွင် မယ်လစခန်း လုံခြံုရေးမှူး စောအားမူက ကရင်သတင်းစဉ်ကို ပြော ...

 
မယ်လဒုက္ခသည်စခန်းအတွင်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) ဝင်ရောက်တိုက်ခိုက်မည် ဆိုသည့်သတင်းများ ထွက် ပေါ်လာခဲ့သော်လည်း ဖြစ်နိုင်ခြေမရှိဟု ယနေ့ ဇူလိုင်လ (၃)ရက်နေ့တွင် မယ်လစခန်း လုံခြံုရေးမှူး စောအားမူက ကရင်သတင်းစဉ်ကို ပြောသည်။
 
စခန်းပတ်လည်၌ နယ်စပ်စောင့် ထိုင်းလုံခြံုရေးတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များနှင့်အတူ လုံခြံုရေးများ ချထားလျှက်ရှိသည့်အပြင် (ဒီ ကေဘီအေ)အနေဖြင့် စခန်းအတွင်း၌ ‚င်းတို့၏ ဆွေမျိုးသားချင်း အများအပြား ရှိနေသည့်အပေါ် အလွယ်တကူ ဝင်ရောက် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ဟု သူ က ကောက်ချက်ချ ပြောဆိုခဲ့သည်။
 
“မယ်လစခန်းကို လာရောက် တိုက်ခိုက်မယ် ဆိုတာက သိပ်မဖြစ်နိုင်ပါဘူး။ ကောလဟလ သတင်းတွေကတော့ အမျိုးမျိုး ထွက်နေတာပဲလေ။ ဘယ် လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ စခန်းမှာ လုံခြံုရေးတာဝန်ယူထားတယ်ဆိုတော့ ပြောဆိုအသိပေးစရာရှိရင် ပြောတာပဲ။ ဇွန်လ (၃ဝ)ရက်နေ့ကဆိုရင် စခန်း တွင်း နေထိုင်သူတွေအားလုံးကို သတိဝီရိယနဲ့ ရှိကြဖို့တော့ ကျနော်တို့ အသိပေးထားပြီးသားပါ”ဟု ပြောဆိုသည်။
 
ဆက်လက်၍ ‚င်းက “ဒီကေဘီအေက သူတို့လှေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ကေအဲန်ယူနဲ့ မယ်လစခန်းနေထိုင်သူများရဲ့ လက်ချက်ဖြစ်နိုင် တယ်လို့ပြောတယ်။ အပစ်ခံရတဲ့နေရာက နအဖ၊ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဒီကေဘီအေနေတဲ့ နေရာပဲလေ။ ဒါ သူတို့ သက်သက်ပြဿဿနာတွေတက်အောင် လိုက် လုပ်ချင်တာပဲလို့ မြင်တယ်”ဟု ဆိုသည်။
 
မယ်လစခန်းမှ ဒုက္ခသည်အမျိုးသမီးတဦးဖြစ်သူ နော်မြင့်ကလည်း “ကျမတို့ကတော့ တော်တော်စိုးရိမ်တယ်။ စခန်းလုံခြံုရေး အသိပေးကြေညာထား တဲ့အတိုင်း ကျမတို့ကတော့ အဝတ်အစား၊ အထုပ်အပိုးတွေ အဆင်သင့် ထုတ်ထားတယ်။ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ဘယ်သူမှ အသေအချာသိကြတာ မဟုတ်ဘူးလေ”ဟု ဆိုသည်။
 
ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့တွင် ဒီကေဘီအေ (၉၉၉)အထူးတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဆန်ပြုတ် (ခေါ်) စံပြုံးနှင့်အဖွဲ့တို့သည် ကေအဲန်ယူ တပ်မဟာ (၇)ဌာနချုပ်ကို တိုက်ခိုက်ရယူခဲ့ပြီး အောင်ပွဲခံရန် စက်လှေဖြင့်အပြန် လမ်းတွင် အမည်မသိ လက်နက်ကိုင်တစု၏ ချုံခိုတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့်နောက် ပိုင်း ယခုလို မယ်လစခန်းအား ဝင်ရောက်တိုက်ခိုက်မည့်သတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
 
မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်၌ လူဦးရေအများဆုံးနှင့် အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်ပြီး ၁၉၉၆ခုနှစ်ကလည်း ဒီကေဘီအေ ဘက်က ဝင်ရောက်မီးရှို့ခြင်း၊ စခန်းတွင်းမှ နေထိုင်သူများကို ဝင်ရောက်ဖမ်းဆီးသွားခြင်းအပြင် ခြိမ်းခြောက်မှုများလည်း ရှိခဲ့ကြောင်း စခန်းတာဝန်ခံများ၏ ပြော ပြချက်အရ သိရသည်။

မယ်လဒုက္ခသည်စခန်း
မယ်လဒုက္ခသည်စခန်း။ ဓါတ်ပုံ - Karen Information Center - KIC

Most read this week