ကျောင်းသား သပိတ်ကို ဖြိုခွင်းမှု ကန့်ကွက်သည့်အနေဖြင့် ငြိမ်းချမ်းရေးဖိုရမ်သို့ ကယားလူငယ် အဖွဲ့အစည်းအချို့ မတက်

ကျောင်းသား သပိတ်ကို ဖြိုခွင်းမှု ကန့်ကွက်သည့်အနေဖြင့် ငြိမ်းချမ်းရေးဖိုရမ်သို့ ကယားလူငယ် အဖွဲ့အစည်းအချို့ မတက်
by -
မဇ္ဈိမ

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် လက်ပံတန်းမြို့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြသည့် ကျောင်း သူ ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ထိုဖြိုခွင်းမှုအတွက် တစ်စုံတစ်ရာ တာဝန်ယူဖြေရှင်းမှုမရှိဘဲ ဆက်လက်ဖမ်းဆီးနေခြင်းတို့ကို ကန့်ကွက်သည့်အနေဖြင့် ကယားပြည်နယ်တွင် ကျင်းပလျက်ရှိသည့် လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်သို့ ကယားပြည်နယ်မှ အဖွဲ့အစည်းအချို့ မတက်ဘဲ ရှိနေသည်။

မတ်လ ၂၅ရက်မှ ၂၈ရက်အထိ ကယားပြည်နယ် လွိုင်ကော်မြို့ မြို့တော်ခန်းမတွင် မြန်မာနိုင်ငံငြိမ်း ချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)က ဦးစီးကျင်းပသည့် လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်ကို ကယား လူငယ်များ မတက်ဘဲ ရှိနေခြင်းဖြစ်သည်။

"အဓိကကတော့ ကျောင်းသားတွေကိစ္စပေါ့။ ကျောင်းသားတွေကို အစိုးရက တန်ဖိုးမထားသလို ပုံစံမျိုးဖြစ်နေတယ်။ MPCကလည်း တာဝန်ယူမှုမရှိဘူး။ အဲ့တာကြောင့် မတက်ရောက်တာပါ။ တက်ရောက်ဖြစ်ရင်လည်း တစ်သီးပုဂ္ဂလအနေနဲ့ပဲ တက်ရောက်တာပါ" ဟု ကရင်နီပြည်နယ် လူငယ်များ သမဂ္ဂ (UKSY) သဘာဝပတ်ဝန်းကျင်ရေးရာ တာဝန်ခံ ကိုဒီးဒီးက ပြောသည်။

အဆိုပါ ဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားမထားသော်လည်း တက်ရောက်လိုသည့် မည်သူမဆို တက်ရောက်နိုင်သည်ဖြစ်ရာ ကယားလူငယ်တို့က မတက်ဘဲနေကြခြင်းဖြစ်သည်။ ဖိုရမ်တက်ရောက်ရန် တိုက်တွန်းမှုများ ရှိလာပါက UKSY ၏ ဗဟိုကော်မတီဝင်များဖြင့် ပြန်လည်အစည်းအဝေးထိုင် သုံးသပ်ရမည်ဟုလည်းဆိုသည်။

ကယားပြည်နယ်၏ အခြားအဖွဲ့အစည်းတစ်ခုဖြစ်သော ကယားပြည်နယ်လူငယ်ကွန်ယက်၏ လွိုင်ကော်မြို့နယ် ကိုယ်စားလှယ်ဖြစ်သူ ကိုဖြိုးဟိန်းထက်ကလည်း လက်ပံတန်း သပိတ်စခန်းဖြိုခွင်းခံခဲ့ရရာတွင် ဖမ်းဆီးခံထားရသူအားလုံး ပြန်မလွတ်သေးခြင်းကြောင့် ကန့်ကွက်သည့်အနေဖြင့် အဆိုပါ ဖိုရမ်သို့ မတက်ရောက်ဟုဆိုသည်။

"ကျောင်းသားတွေနဲ့ ကျောင်းသားတွေကို ၀ိုင်းရံတဲ့သူတွေကို မလွတ်ပေးသေးလို့ ကျွန်တော်တို့ ဖိုရမ်ကို မတက်ရောက်တာပါ" ဟု ပြောသည်။

ကယားပြည်နယ်မှ အဖွဲ့အစည်းအချို့ အဆိုပါဖိုရမ်သို့ တက်ရောက်ခြင်း မတက်ရောက်ခြင်းနှင့်ပတ်သက်၍ MPC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကမူ လွတ်လပ်စွာဆုံးဖြတ်နိုင်သည်ဟု ဆိုသည်။ “တက်ရောက်တာကတော့ လွတ်လပ်တဲ့ ဆန္ဒအရပါ။ ကျွန်တော်တို့ အနေနဲ့လည်း လူ ၃၀၀ ထက်ပိုပြီး လက်ခံလို့မရပါဘူး။ ခုလည်း လူ၂၀၀ ကျော်တက်တယ်လေ။ တက်ရောက်ခြင်း မတက်ရောက်ခြင်းက ကိုယ့်ဆန္ဒနှင့် ကိုယ်ပါ" ဟုဆိုသည်။

မတ်လ ၂၅ရက်တွင် စတင်ခဲ့သည့် ဖိုရမ်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် လူငယ်နှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်နိုင်မှု အခန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြသည်။ ဖိုရမ် နောက်ဆုံးရက်ဖြစ်သော မတ်လ ၂၈ရက်တွင်မူ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယ ဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း တက်ရောက်ကာ လူငယ်များမေးမြန်းသည့် ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများ ကို ဖြေကြားပေးမည်ဖြစ်သည်။

Most read this week