နမ့်ခမ်းတွင် တပ်မတော်နှင့် တအာင်းတပ်တို့ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ထွက်ပြေးနေရ၊ ကချင်တိုက်ပွဲ ငါးရက်မြောက်ဆက်ဖြစ်

နမ့်ခမ်းတွင် တပ်မတော်နှင့် တအာင်းတပ်တို့ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ထွက်ပြေးနေရ၊ ကချင်တိုက်ပွဲ ငါးရက်မြောက်ဆက်ဖြစ်
by -
မဇ္ဈိမ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာအနီး အစိုးရ စစ်တပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု TNLA က ထုတ်ပြန်လိုက်သည်။

မတ်လ ၂၄ရက် ညပိုင်းမှစတင်၍ နမ့်ခမ်းမြို့နယ် ကောင်းဝိုင်း၊ မန်းကောင်း၊ မန်ကန်ကျေးရွာ သုံးရွာမှ ရွာသားများသည် နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု TNLA ၏ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

“မနေ့ညကတည်းကနေ ထွက်ပြေးလာတာ။ အကုန်လုံး ၂၀၀၀ နီးပါးလောက်ရှိတယ်။ မနေ့က ကောင်းဝိုင်းမှာ ကျနော်တို့အဖွဲ့နဲ့ တပ်မတော်က ရွာရဲ့ အထက်နားမှာ တိုက်ပွဲဖြစ်တယ်ခင်ဗျာ။ ဒါပေမယ့် တိုက်ပွဲက ပြင်းထန်လာတာ။ အစိုးရ စစ်တပ်ကလည်း အင်အားထပ်တိုးလာတယ်။ အဲတော့ တိုက်ပွဲက ထပ်ဖြစ်လာမယ့် အလားအလာရှိနေတော့ ရွာမှာ မနေရဲတော့ ထွက်ပြေးလာတယ်” ဟု သူက ပြောသည်။

နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာအနီး တပ်မတော်နှင့် TNLA တပ်တို့ မတ် ၂၄ရက် ညနေပိုင်း ၅နာရီခွဲမှ ၆ နာရီခွဲကျော်ထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ ၄ဦးကျဆုံးခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်ထားသည်။

အများအားဖြင့် ဟိုနားဘုန်းကြီးကျောင်းတွင် ခိုလှုံနေပြီး အချို့မှာ ဆွေးမျိုးများ၏ နေအိမ်များသို့ ခိုလှုံနေသည်ဟု သူက ပြောသည်။

မတ်လ ၂၅ရက်တွင်လည်း တပ်မတော်နှင့် TNLA တပ်တို့အကြား နမ့်ဆန်မြို့နယ် နမ့်တူကျေးရွာနှင့် ဘန်ဖြတ်ကျေးရွာကြားတွင် တစ်နေရာ၊ မိုးမိတ်မြို့နယ် ခွန်ခါကျေးရွာတွင် တစ်နေရာ ၂နေရာတွင် တိုက်ပွဲ ဖြစ်ပွားနေသဖြင့် တိုက်ပွဲက ပြင်းထန်မည့် အခြေအနေတွင် ရှိနေသည်ဟု သူက ပြောသည်။

“ခွန်ခါမှာဖြစ်တဲ့တိုက်ပွဲကလည်း တစ်နာရီကျော်ကြာတယ်။ နမ့်တူနဲ့ဘန်ဖြတ်ကြားမှာဖြစ်တာလည်း ဒီနေ့ ၁ နာရီ ကျော်ကနေ ခု ၄ နာရီကျော်ထိ ဖြစ်နေတုန်းပဲ။ အစိုးရစစ်တပ်ကလည်း ထပ်မံ ချီတက်လာတာတွေ ရှိတယ်။ ဒီနှစ်ရက် သုံးရက်မှာတော့ တိုက်ပွဲက နေ့စဉ်ဖြစ်နေတယ်။ တပ်မတော်က ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖာ်ဝါရီလအတွင်း တပ်မတော်နှင့် TNLA တပ်တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၄၀ကျော်ဖြစ်ပွားခဲ့ပြီး ယခုလတွင် မတ် ၂၅ရက်ထိ တိုက်ပွဲပေါင်း အကြိမ် ၂၀ကျော်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရှမး်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ရွာသားများအတွက် လုံခြံုမှု စိုးရိမ်နေရပြီး နမ့်ခမ်းမြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ၄င်းတို့အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု တအာင်းအမျိုးသမီးအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး လိုည်းမိုးညိူဝ်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် တအာင်း၊ ရှမ်း၊ ကချင်၊ ကိုးကန့်နှင့် အခြားတိုင်းရင်းသားများ လူ့အခွင့်အရေးချိုးဖောက်များအပြင် သောင်းနှင့် ချီသော ပြည်သူလူထုများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် စိုးရိမ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က မတ်လ ၂၄ရက်က ကြေငြာချက်ထုတ်ပြန်ထားသည်။

TNLA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း မရှိသေးသော်လည်း လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ဖွဲ့တွင် ပါဝင်၍ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်နေသော အဖွဲ့ဖြစ်သည်။

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မတ်လ ၂၅ရက်တွင် ငါးရက်မြောက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

မတ် ၂၅ရက် နံနက်ပိုင်းတွင် တည်ငြိမ်နေရာမှ ညနေ ၄နာရီကျော်ချိန်တွင် အစိုးရ စစ်တပ်ဘက်မှ KIA တပ်ရင်း ၂၇ တပ်စခန်းရှိရာ ဆင်ဒီးဘွမ် (sin di bum) သို့ ထိုးစစ်ဆင်လာသဖြင့် တစ်နာရီ ကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။

Most read this week