လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြသည့် အလုပ်သမားများအနက်မှ အီလန်မြန်မာ အထည်ချုပ် စက်ရုံမှ ဆန္ဒပြ အလုပ်သမား ရ၀၀ကျော်သည် အလုပ်ရှင်နှင့် ညှိနှိုင်းပြေလည်မှု ရရှိသည့်အတွက် မတ် ၆ရက်တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ပြီး ဖြစ်သည်ဟု ယင်းစက်ရုံ၏ အလုပ်သမားခေါင်းဆောင် မခင်မျိုးချစ်က မဇ္စျိမကို ပြောသည်။
"မနေ့ကညှိတယ် ။သပိတ်တွေက ဖြိုခွင်းခံရတာ အလုပ်သမားတွေကလည်း ကြောက်နေကြပြီ။ ကျွန်မတို့နောက်မှာ မိသားစုကလည်းရှိတယ် မဖြစ်မနေ လုပ်ငန်းဝင်မှရတော့မယ်လေ ခုသူတို့ပေးတဲ့ တစ်နေ့ ၅၅၀ (ထပ်တိုးငွေ) ကို သဘောတူခဲ့တယ်"ဟု ၄င်းက ဆိုသည်။

အလုပ်သမားများက နေ့စဉ်ကြေး ထပ်တိုးငွေကို ၁၀၀၀ တို်းတောင်းသော် အလုပ်ရှင်မှ ၅၅၀ တို်းပေးသော်လည်း ယခင် ရက်မှန်ကြေး ကျပ် ၈၀၀၀ကို ၃၀၀၀ လျော့ချပြီး ၅၀၀၀ သာပေးတော့မည်ဖြစ်သည်။ သို့ဖြစ်၍ တိုးမြှင့်သည့်နှုန်းမှာ ၅၅၀ ဆိုသော်လည်း ၄၅၀ သာ တိုးသည့် သဘောဖြစ်နေသည်။
ယခင်က အဆိုပါ အလုပ်သမားများ ရရှိသည့် နေ့စဉ်ကြေးငွေမှာ ကျပ် ၈၀၀ မှ ၁၂၀၀ ပတ်ဝန်းကျင် ဖြစ်သည်။
အလုပ်ရှင် အလုပ်သမား များလုပ်ခလစာ ညှိနှိုင်းမှုကို မတ် ၅ရက်နေ့တွင် အလုပ်သမား ၀န်ကြီးဌာနနှင့် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးရုံးတွင် အလုပ်သမားတစ်ဦးကို နေ့စဉ်ကြေးတွင် ၅၅၀ ထပ်တိုးပေးမည် ဟု နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ယခုလက်ရှိတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် ဆန္ဒပြနေသည့် စက်ရုံသုံးရုံးတွင် အီလန်မြန်မာ အထည်ချုပ်စက်ရုံတစ်ခုသာ ညှိနှိုင်းမှုရရှိထားပြီး Ford glory အထည်ချုပ်နှင့် coste အထည်ချုပ် စက်ရုံများသည့် ပြေလည်မှုမရရှိသေးပေ။
ရွှေပြည်သာ စက်ရုံသုံးခုမှ လုပ်ခလစာတိုးမြှင့်ရေးဆန္ဒပြ အလုပ်သမား ၁၄ဦးကို ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ ဖြင့် မတ်လ ၅ရက်က အမှုဖွင့်ထားကြောင်း အရှေ့ပိုင်းခရိုင် ဒု-ရဲမှူးကြီး မြင့်ထွေးက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။



