မြန်မာ့ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား အရေးကိစ္စ ဂျပန်လွှတ်တော်အမတ်များ ဆွေးနွေး

မြန်မာ့ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား အရေးကိစ္စ ဂျပန်လွှတ်တော်အမတ်များ ဆွေးနွေး
by -
မဇ္စျိမ

၂၀၁၀ ရာမွန် မက်ဆေးဆေး ဆုရှင် ဒေါ်ဆိုင်းရော်အား ဖိတ်ခေါ်၍ တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေ ရှင်းလင်းပွဲ တစ်ရပ်ကို နိုဝင်ဘာ ၁၇ရက်နေ့က ဂျပန် အောက်လွှတ်တော် အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် NOP Peace (Non-profit Organization for Peace) အဖွဲ့ ဒါရိုက်တာ မိုင်းကျော်ဦးက မဇ္စျိမကို ပြောသည်။

“အဓိက ကတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး Process (ဖြစ်စဉ်)တွေ ရပ်နေတယ်၊ ဂျပန် အပါအဝင် နိုင်ငံတကာကလည်း အကူအညီ ဝင်ပေမယ့်၊ MPC ကနေ တိုက်ရိုက်သွားတဲ့ဟာမျိုး G to G အစိုးရကနေ အစိုးရကို တိုက်ရိုက် ဆက်ဆံပြီး သွားတာမျိုးတွေများတယ်၊ တကယ့်ကို လိုအပ်တဲ့ နေရာတွေ ဥပမာ အစိုးရ မဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေကနေ တစ်ဆင့် တိုက်ရိုက် ပေးအပ်ပြီး အကောင်အထည် ဖော်ဖို့ ဆွေးနွေးခဲ့တယ်” ဟု မိုင်းကျော်ဦးက ပြောသည်။

တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် နိုင်ငံရေး ပြဿနာ ရပ်များသည် ‘နိုင်ငံ သယံဇာတ’ များအပေါ် ဆက်စပ် နေကာ ဒေသတွင်း သယံဇာတကို ညီမျှစွာ ခွဲဝေသုံးစွဲခြင်း၊ အခွင့်အရေးများနှင့် ပတ်သက်၍ တိုင်းရင်းသားနှင့် အစိုးရတို့အကြား လွန်ဆွဲနေသည့် ပြဿနာရပ်  လည်း ဖြစ်ကြောင်း ဒေါ်ဆိုင်းရော်၏ စာတမ်း၌ ထောက်ပြ ပြောဆိုထားသည်။

မြန်မာ့ ဒီမိုကရေစီအရေး အကူအညီ ပေးရေး ဂျပန် လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူးက ကမကထ ပြုလုပ်ကာ၊ မြန်မာ့ ငြိမ်းချမ်ရေးအတွက် ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်း ဖွဲ့စည်းထားသည့် NOP Peace (Nonprofit Organization for Peace) အဖွဲ့တို့၏ စုပေါင်း စီစဉ်မှုဖြင့် ပြုလုပ်ခဲ့သည်။

မြန်မာ့ ဒီမိုကရေစီအရေး အကူအညီပေးရေး ဂျပန် လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ နာဂါဆာဝါ မဆာဟာရူးသည် ယခင် ဂျပန် ပညာရေးဝန်ကြီးဌာန ဝန်ကြီး အဖြင့် တာဝန်ယူခဲ့ဖူးကာ မြန်မာနိုင်ငံ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အတွက် ဂျပန်လွှတ်တော်၌ တက်ကြွှလှုပ်ရှား ဆွေးနွေးသူ တစ်ဦးလည်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သုံးနှစ်ကြာ တွေ့ဆုံဆွေးနွေးရေး ခရီးအတောအတွင်း တိကျခိုင်မာသည့် ကတိကဝတ်ဖြင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရန် သဘောတူနိုင်ကြသေးခြင်း မရှိသကဲ့သို့ မြန်မာ့နိုင်ငံရေး အခြေအနေသည်လည်း ပဋိပက္ခအလွန် ကာလသို့ မရောက်ရှိ သေးကြောင်း အစည်းအဝေးတွင် တင်ပြခဲ့သည်ဟု ဒေါ်ဆိုင်းရော်က တင်ပြခဲ့သည့် စာတမ်းအရ သိရသည်။

ပြီးခဲ့သည့် အာဆီယံ ထိပ်သီး အစည်းအဝေးအား ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လာရောက်ခဲ့စဉ်ကလည်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ရာ၌ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် တိုင်းရင်းသားအရေး ဆက်လက် အကူအညီပေးရန် သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးခဲ့ကြောင်း လွှတ်တော် အမတ်များထံ အစီရင်ခံထားသည်ဟုလည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် NOP Peace အဖွဲ့၏ အခြား ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ မရစ်ဆန်ဘူ (Marit Seng Bu) က ပြောသည်။

ထိုအခမ်းအနားအား နိုဝင်ဘာလ ၁၇ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ အောက်လွှတ်တော် အဆောက်အဦး၏ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကာ ဂျပန် နိုင်ငံခြားရေး ဌာနမှ တာဝန် ရှိသူများ၊ အထက်/အောက် လွှတ်တော်အမတ်များ၊ Japan International Cooperation Agency - JICA မှ တာဝန် ရှိသူများ ၊ ဂျပန်နိုင်ငံရောက် မြန်မာ တိုင်းရင်းသားများ စုစုပေါင်း (၁၀၀) နီးပါး တက်ရောက်ခဲ့ကြသည်။