ဆေးဝါးပစ္စည်းနှင့် ဆေးဆရာ၊မ မလုံလောက်မှုကြောင့် ငှက်ဖျားမိသူများပြား

ဆေးဝါးပစ္စည်းနှင့် ဆေးဆရာ၊မ မလုံလောက်မှုကြောင့် ငှက်ဖျားမိသူများပြား
by -
ပါးရယ်
ကရင်နီပြည် အပစ်ရပ်ဒေသ ဟွေ့ပူလောင်းကျေးရွာတွင် ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးဝါး ပစ္စည်း အကျပ်အတည်းနှင့် ဆေးဆရာ၊မ မလုံလောက်မှုကြောင့် နေထိုင်သူ ရွာသူ၊သားများ ငှက်ဖျားပိုးရောဂါနှင့် ကြံုတွေ့ရရှိသူများက အလွန်များပြားကြောင်း အမည်မဖော်လိုသူ ဆေးမှူးတစ်ဦးက ပြော ...

ကရင်နီပြည် အပစ်ရပ်ဒေသ ဟွေ့ပူလောင်းကျေးရွာတွင် ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးဝါး ပစ္စည်း အကျပ်အတည်းနှင့် ဆေးဆရာ၊မ မလုံလောက်မှုကြောင့် နေထိုင်သူ ရွာသူ၊သားများ ငှက်ဖျားပိုးရောဂါနှင့် ကြံုတွေ့ရရှိသူများက အလွန်များပြားကြောင်း အမည်မဖော်လိုသူ ဆေးမှူးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းတွင် ကရင်နီကျန်းမာရေးဌာနမှ ဆေးမှူး ၆ ဦးနှင့် ဒေါက်တာတစ်ဦး အပါအဝင် ငှက်ဖျားရောဂါ စစ်ဆေးသော ဦးတည်ချက်ဖြင့် ထိုကျေးရွာသို့ သွားရောက်၍ ရွာသူ၊ သား ၈၃ ဦးအား သွေးဖောက်စစ်ဆေးခဲ့ရာ ၅၇ ဦးမှာ ငှက်ဖျားပိုး မိနေသူများ ဖြစ်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်သွားရောက်ခဲ့သူ ၎င်းဆေးမှူးက ပြန်လည်ပြောပြသည်။

“ငှက်ဖျားရောဂါက တအားဆိုးဝါးတယ် ပြောရင်လည်း မမှားဘူး၊ ဘာဖြစ်လဲဆိုတော့ ၁ဝဝ ရာခိုင်နှုန်းမှာ ရဝ ရာခိုင်နှုန်းလောက် ရှိတယ်၊ ကျနော်တို့ လူ ၄၄ ယောက်ကို Para Check နဲ့ စစ်ဆေးတာ ၂၄ ယောက်က ငှက်ဖျားပိုး ရှိတယ်၊ ကျန်တဲ့လူတွေကိုတော့ ကျနော်တို့ ၅ဝ ကျော်လောက် ထပ်ဖောက်တယ်၊ နောက်ပြီး ကျနော်တို့ micro scope နဲ့ ပြန်ကြည့်တော့ ၂၇ ယောက်က ငှက်ဖျားပိုး ပြန်ထွက်တယ်” ဟု ၎င်းကပြောသည်။

အခြားရောဂါများ ဖြစ်သော အသက်ရှူလမ်းကြောင်းနှင့် ဝမ်းလျောရောဂါများ ဖြစ်ပွားခြင်းကိုလည်း တွေ့ရှိခဲ့သည်။ ကျေးရွာသူရွာသားများကို ငှက်ဖျားရောဂါ စစ်ဆေးပြီး ငှက်ဖျားပိုးရှိနေ သူများကို ဆေးဝါးများ ပေးခဲ့ကြောင်း ဆိုသည်။

ဖျားနာနေသော ရွာသူရွာသားများကို ဆေးကုသပေးရန် ဆေးဆရာမ ၂ ဦး ရှိခဲ့သော်လည်း ဆေးဝါးပစ္စည်းများ လုံလောက်မှု မရှိသည့်အပြင် ထိုကျေးရွာသည် ချောင်းနဘေးနှင့် သစ်ကြီး ဝါကြီးအကြား တည်ရှိနေ၍ ပူအိုက်ခြင်းနှင့် ခြင်ကိုက်ခြင်းကြောင့် ငှက်ဖျားရောဂါ လွယ်ကူစွာ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူလွတ်မြောက်ရေးတပ်ဦး (ကလလတ) အပစ်ရပ်ဒေသ ဖြစ်သော ဟွေပွန်လောင်းကျေးရွာတွင် အိမ်ခြေ (၃ဝ) ဝန်းကျင်ခန့်နှင့် ကျေးရွာသူ၊ သားပေါင်း (၁ဝဝ) ကျော်ခန့် နေထိုင်ပြီး အထူးသဖြင့် ကယန်းလူမျိုးနှင့် ကယောလူမျိုးများ ဖြစ်ကြောင်း သိရသည်။

Most read this week