ကရင်နီပြည်တွင် အရှားပါးဆုံး သစ်အမျိုးအစား တမျိုးဖြစ်သည့် “ကျွန်းရွှေဝါ” သစ်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သားမက် ဦးတေဇပိုင်ဆိုင်သော ထူးကုမ္ပ္ပဏီက ကရင်နီအပစ်ခတ်ရပ်အဖွဲ့အား လာဘ်ထိုး၍ ခုတ်ယူတင်ပို့လျက်ရှိရာ ယခုနှစ် ခုတ်ယူတင်ပို့ရောင်းချမှုမှာ ယခင်နှစ်များထက် ပိုမိုများပြားမည်ဖြစ်ကြောင်း စစ်အစိုးရ သစ်တောရေးဌာနနှင့် နီးစပ်သူတဦးက ထုတ်ဖေါ်ပြောကြားသည်။
ကရင်နီပြည်မှ နှစ်စဉ်နှစ်တိုင်း ကျွန်းရွှေဝါများ လုံးတန်ခြောက်သောင်းမှ တသိန်း နှစ်သောင်း၊ ခွဲသားမှာ တန်ရှစ်သောင်းမှ တသိန်းငါးသောင်းအထိရှိပြီး၊ ပင်ထောင် ညှပ်မှာ သုံးသောင်းမှ ရှစ်သောင်းအထိ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်မှာ တန်ချိန်ပေါင်း မည်မျှတင်ပို့ရောင်းချနိုင်မည်ကို အတိအကျ မသိရှိနိုင်သေးသော်လည်း လတ်တလော ခုတ်ယူစုဆောင်းထားသည့် သစ်များနှင့် တိုးချဲ့ခုတ်ယူနေသည့် ဒေသများကို ကြည့်ခြင်းအားဖြင့် ယခင်နှစ်များထက် ပိုမိုများပြားနေသည်မှာ သေချာနေပါကြောင်း ပြောဆိုသည်။
၎င်းက “ကယား(ကရင်နီ) ပြည်နယ်မှာ သစ်ခုတ်ခွင့် ပါမစ်ကို ရန်ကုန် သစ်တောရေးရာ ဝန်ကြီးဌာန ဝန်ကြီးထံမှ လာပါတယ်။ ပထမအနေနဲ့ ကယားပြည်နယ်မှာ ရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ အမည်နဲ့ ပါမစ်ပေးလိုက်ပါတယ်။ နောက်ပြီီး ဒေါ်လာသန်း ဝင်ကျွန်းသစ်တွေကို ဗိုလ်သန်းရွှေ သားမက်ပိုင်တဲ့ ထူးကုမ္ပ္ပဏီပိုင်ရှင် ဦးတေဇက (ကxxx) လူကြီးကို သိန်း၃ဝဝ(ဒေါ်လာ)နဲ့ လာဘ်ထိုးပြီး ပါမစ်ကို စာချုပ်ချုပ်ပါတယ်” ဟုပြောသည်။
တနှစ်လျှင် ဒေါ်လာသန်းနှင့်ချီပြီး ရရှိသော ကရင်နီမှ ကျွန်းရွှေဝါသစ်များကို ကရင်နီပြည်ငြိမ်းအဖွဲ့များက စစ်အစိုးရသစ်တောရေးဌာနမှ ပါမစ်များရရှိကာ မြန်မာ့သစ်ထုတ်လုပ် ရေးဝန်ကြီး ဌါန နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ် မြောက်ပိုင်းနယ်စပ် တာကော်အက်ကြိုးတံတားကို ဖြတ်ကျော်ပြီး တရုတ်နို်င်ငံ ယူနန် ပြည်နယ်အထိ တင်ပို့ရောင်းချကြသည်ဟုဆိုသည်။
ယခုနှစ်မှာ လမ်းပမ်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့် အတွက်ကြောင့် သစ်ထုပ်လုပ်မှုများကို စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့တို့က ကရင်နီပြည် သံလွင်အရှေ့ဘက်ခြမ်းအထိ တိုးချဲ့ထားသည်။
ယခုလိုအဖိုးတန်သစ်များ ခုတ်ယူထုတ်လုပ်ခြင်းသည် အဖွဲ့အစည်း ရှင်သန်ရပ်တည်နိုင်ရေးအတွက် စီးပွားရေး လုပ်ဆောင်နေခြင်းသာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်များကိုပါ ပျက်စီးယိုယွင်းလာစေသည်ဟု ကရင်နီသဘာဝပတ်ဝန်းကျင်ဆိုင်ရာ Ever Green အဖွဲ့မှ ဒါရိုက်တာ ခူညေးရယ်က ပြောပါသည်။
၄င်းက “ သစ်၊ ဝါးတွေ အကယ်၍ နိုင်ငံတကာ အနေအထား ပြောမယ်ဆိုရင် သူများက ကာကွယ် ထိန်းသိမ်းခိုင်းတယ်၊ သူတို့ ကျတော့ သူတို့ အဖွဲ့အစည်း တခုတည်းအတွက်ကိုပဲ ကြည့်တယ်၊ ပိုက်ဆံ ရပြီဆိုရင် ပြီးရော၊ အဓိက ငွေကြေးပဲ အဲလိုလေ၊ သူတို့တစ်ကွက် လုပ်ပြီးပြီ၊ အကယ်၍ နောက်ထပ် တိုးချဲ့ပြီး ထပ်လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်က သစ်၊ ဝါးတွေ ရှားပါး လာနိုင်မယ်၊ မကဘူး သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုတွေ ပျက်စီးမှုတွေ ရှိလာနိုင်မယ်၊” ဟု ပြောသည်။
ယခင် ၁၉၉၄ မတိုင်မှီကာလ၌ ကရင်နီပြည်တွင် သစ်ထုတ်လုပ်သော အဓိက ကုမ္ပဏီမှာ ကယားဖူး ကုမ္မဏီ နှင့် ဦးအောင်သန်းဖော သစ်လုပ်ငန်း ကုမ္ပ္မဏီဖြစ်ပြီး၊ ၁၉၉၅ မှစ၍ ထူးကုမ္ပ္မဏီ မှ ကရင်နီပြည်နယ်ရှိ သစ်လုပ်ငန်းများအားလုံးကို ပိုင်ဆိုင်သွားသည့်အပြင် သစ်ကွက်များကို မည်သူမျှ ခုတ်ပိုင်ခွင့် မရှိသလို သစ်တောမှ ထွက်သော သဘာဝ အရင်းအမြစ်များကိုလည်း လွမ်းမိုးလာခဲ့သည်။ ကရင်နီပြည်တွင် အဓိက သစ်ထုတ်လုပ်သောဒေသများမှာ ဘောလခဲ၊ ရွာသစ်၊ ဖာဆောင်းနှင့် မော်ချီးတို့ဖြစ်ကြကြသည်။



