ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်လုံးမှာ လာရောက်ခိုလှုံနေကြသည့် မြန်မာဒုက္ခသည် ၉ ခုမှ စခန်းသူ၊သားများသည် ၎င်းတို့ကို ကူညီစောင့်ရှောက်ပေးနေသည့် တီဘီဘီစီ အဖွဲ့က ဒုက္ခသည်များ၏ ရိက္ခာခွဲတမ်းအတွက် အရည်အချင်းပြည့်မီသူနှင့် မပြည့်မီသူများဟူ၍ ပေါ်လစီ စံနှုန်းကို သတ်မှတ်ပြီး ရိက္ခာထုတ်ပေးသွားမည်ဟု သိရသည်။
အမှန်တကယ် ဒုက္ခရောက်ပြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြသည့် လူများအတွက် ရိက္ခာမဖြစ်မနေ ပေးရမည်ဟူသော ပေါ်လစီဖြစ်သည်ဟု ကရင်နီဒုက္ခသည် စခန်းမှ ပင်မကော်မတီ ဥက္ကဌ ကိုလင်းမောင်က ပြောသည်။
“နံပါတ်တစ်က တကယ့်စစ်ပွဲတွေ ဖြစ်နေတဲ့နေရာကနေပြီးတော့ ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို သူတို့အတွက် မဖြစ်မနေ ကျွေးရမယ်၊ နံပါတ်နှစ် နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးလုပ်လို့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထွက်ပြေးလာကြတဲ့လူတွေ အဲဒါသူတို့ကို မဖြစ်မနေ ကျွေးရမယ်၊ နံပါတ်သုံး လူ့အခွင့်အရေး ဖိနှိပ်ညှင်းပမ်း နှိပ်စက်ဒဏ်ခံရလို့ ပိုင်ဆိုင်ပစ္စည်းတွေ လယ်ယာမြေတွေ သိမ်းပိုက်ခံရလို့ စားဝတ်နေရေး ပြဿနာတွေကြောင့် ရောက်ရှိလာတဲ့ လူတွေကို မဖြစ်မနေ ကျွေးရမယ်၊ နောက်တခုက အသက် ၁၈ နှစ်အောက် ကလေးနဲ့ အသက် ၆ဝ ကျော်သွားတဲ့ လူအိုတွေကို မဖြစ်မနေကျွေးရမယ်။”
စခန်းတွင်းတွင် အစဉ်ဆက်မပြတ် နေထိုင်ပြီး ယူအဲန်အိတ်ချ်စီအာမှ မှတ်ပုံတင်ခံထားရသည့် စခန်းသူ၊ သားများ စခန်းကော်မတီမှ ရိက္ခာစာအုပ်တို့နှင့်အတူ ရိက္ခာထုတ်ဝေပေးသည့် အချိန်တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ထုတ်ယူနိုင်သည့် ခိုလှုံသူတစ်ဦးသည် တီဘီဘီစီမှ ရိက္ခာထုတ်ပေးမည့် အစားအစာခွဲတမ်းအတွက် အရည်အချင်းပြည့်မှီပါကြောင်း တီဘီဘီစီ၏ အရည်အချင်း သတ်မှတ်ချက် စံနှုန်းတွင် ဖော်ပြထားပါသည်။
တီဘီဘီစီ ပေါ်လစီအရ ရိက္ခာထုတ်ပေးခြင်းနှင့် မသင့်တော်သည့် သူများရှိသည်ကိုလည်း သူက အခုလို ဆက်ပြောပါသည်။
၎င်းက “ မကျွေးသင့်တဲ့လူတွေက ဘယ်လိုလဲဆိုတဲ့ အခါကျရင် ဒီဒုက္ခသည်စခန်းမှာနေကြတဲ့ လူတွေထဲက စခန်းအပြင်ထွက်ပြီး တစ်လကျော်ကျော် သွားနေတဲ့လူတွေကို မကျွေးရဘူး၊ နောက်တခါ စခန်းအပြင်မှာ တချိန်လုံးနေပြီးတော့ ရိက္ခာထုတ်တဲ့အချိန်မှ စခန်းထဲကိုဝင်လာပြီးတော့ ကိုယ်ယောင်လာပြတဲ့ လူတွေကို မကျွေးရဘူး၊ တတိယနိုင်ငံသွားဖို့အရေး ရည်ရွယ်ချက်သက်သက်နဲ့ လာနေတဲ့လူတွေ မကျွေးရဘူး၊ မယ်လ (ကင်းမ်) စခန်းတွေမှာက လာနေတာ ရိက္ခာလိုချင်လို့ လာနေတာမဟုတ်ဘူး၊ တတိယနိုင်ငံ သွားရရင်တော်ပြီ ပြောတဲ့ကောင်တွေက ထောင်နဲ့ချီပြီးရှိနေတာကိုး၊ ဒီမှာလည်းပဲ အဲဒီကောင်မျိုးတွေရှိရင်လည်း မကျွေးရဘူး။ နောက်တခုက ဒုက္ခသည်စခန်းမှာ ဆိုင်အကြီးကြီးတွေ ရောင်းပြီးတော့ အမြတ်ဝင်ငွေရှိတဲ့လူတွေ ကိုယ့်ကို ဝယ်စားနိုင်တဲ့လူတွေ မကျွေးရဘူး၊ small business အငယ်စား စီးပွားရေးလုပ်ငန်းလုပ်တဲ့ လူတွေရှိတယ် အဲဒီအသေးစား ဝင်ငွေရရှိတဲ့လူတွေကိုလည်း မကျွေးရဘူး” ဟု ပြောသည်။
သို့သော်လည်း အရည်အချင်း သတ်မှတ်ချက်စံနှုန်း ကင်းလွတ်ချက်ဖြင့် သဘာဝကျသည့် အကြောင်းပြချက်များရှိပါသည်။ ၎င်းတို့အတွက် မိသားစုဝင်များမှ ကိုယ်စားအဖြစ် အစားအစာရိက္ခာ ခွဲတမ်းများ ရယူနိုင်သည်ဟု ထည့်သွင်းဖော်ပြထားပါသည်။
သည့်အပြင် ပြည်တွင်းမှလာသည့် အိုင်ဒီပီ လူသစ်များသည် စခန်းကော်မတီသို့ ရိက္ခာလိုသည့်အကြောင်း နာမည်စာရင်းလာရောက် သွင်းကြမည်ဆိုပါက စခန်းကော်မတီကနေတဆင့် တီဘီဘီစီသို့ ရိက္ခာတင်တောင်းပေးမှာ ဖြစ်သည်ဟု သိရသည်။ သို့သော် ရိက္ခာအတွက် ၎င်းအိုင်ဒီပီ လူသစ်များက တစ်လကြာအောင်စောင့်ပြီးမှသာ တီဘီဘီစီက ရိက္ခာထုတ်ပေးမည် ဖြစ်သည်ဟု သိရသည်။
ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်းမှ ဆိုင်ပိုင်ရှင်လည်းဖြစ် စီးပွားရေးသမားလည်းဖြစ်သည့် စခန်းသားတဦးကို ၎င်းတီဘီဘီစီမှ ထုတ်ပေးသည့် ရိက္ခာခွဲတမ်းနှင့် ပတ်သက်ပြီး အကယ်၍ မရရှိပါက ဘယ်လိုအခြေအနေသို့ ရောက်ရှိနိုင်မလဲ ဆိုတာကို သူကအခုလို ပြောပြပါသည်။
“ကျနော်တို့ မိသားစု အနေနဲ့ကတော့ သိပ်တော့ ပြဿနာမရှိလောက်ဘူး။ မထုတ်ပေးတော့ရင်လည်းရတယ် ဆိုတဲ့သဘောပေါ့နော်။ ဒါပေမယ့် စီးပွားရေး အသေးစားလုပ်တဲ့ လူတွေအတွက်ကတော့ ပြဿနာတက်နိုင်တယ်။ အဲဒီအတွက်လည်း တီဘီဘီစီနဲ့ တခါပြန်ဆွေးနွေးရဦးမယ်လို့ ကျနော်တို့ပြောထားတယ်လေ ဘယ်လိုလာဦးမလဲ သူတို့ချမှတ်မယ့် ပေါ်လစီတွေပေါ့နော်။”
ထို့နောက် တီဘီဘီစီ၏ ရိက္ခာခွဲတမ်း သတ်မှတ်ချက်စံနှုန်းများနှင့် ပတ်သက်ပြီး အရည်းအချင်းမပြည့်မှီမှု အများအပြားရှိကြောင်း မယ်လစခန်းမှ ကျောင်းဆရာ စိုးရယ်က အခုလိုပြောပြပါသည်။
၎င်းက “အပြင်မှာ အလုပ်ထွက်လုပ်တဲ့လူတွေ၊ မိသားစု အဆင်ပြေတဲ့လူတွေ စားနိုင်၊ သောက်နိုင်၊ ဝမ်းစာအဆင်ပြေတဲ့ လူတွေပေါ့၊ အဲဒီလိုမျိုးလူတွေကတော့ ရိက္ခာမထုတ်ပေးတော့ဘူး။ သူတို့ (တီဘီဘီစီ) ဝန်ထမ်းတွေက အိမ်တွေမှာ လိုက်စုံစမ်းတယ်လေ၊ မသန်မစွမ်းတွေ၊ စခန်းထဲမှာ လူမှုရေးလုပ်ငန်းအတွက် တာဝန်ထမ်းဆောင်တဲ့ လူတွေကို ဦးစားပေး ထုတ်ပေးတော့တယ်” ဟုပြောပါသည်။
ရိက္ခာမရရှိသည့် မိသားစု အတော်များများရှိပြီး၊ ၎င်းမိသားစုများသည် နိုင်ငံခြားထွက်သွားပြီးသည့် သူတို့၏မိသားစုဝင်များမှ ပြန်လည်ပြီး ထောက်ပံ့ပေးနေတာရှိသည် ထောက်ပံ့ပေးနေပေမယ့် ပြဿနာလည်း အတော်တော်များများ ရှိနေသေးသည်ဟု သိရသည်။ ရိက္ခာမထုတ်ပေးဘဲ အဆင်ပြေနေသည့် မိသားစု သိပ်မရှိလိုဘူးဟု သူကဆက်ပြောပြပေးသွားခဲ့ပါသည်။
တီဘီဘီစီမှ ထုတ်ပြန်လိုက်သည့် ရိက္ခာနှင့်ပတ်သက်၍ စံနှုန်းသတ်မှတ်ချက်သည် ပြီးခဲ့သည့် နှစ်ဦးပိုင်း ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မတ်လမှာ တစ်ခါပြန်လည် ဖြန့်ဝေထုတ်ပြန်ကြေညာ ခဲ့ပါသည်။



