ကရင်နီပြည်နယ်ရှိ ဖရူဆို၊ ဖာဆောင်း၊ မော်ချီး စသည့်မြို့နယ်များ၌ စစ်အစိုးရမှ မှတ်ပုံတင်ကဒ်ပြားများ ထုတ်ဝေပေးမှုကြောင့် ပြည်သူပြည်သားများ အချို့အကြွေးတင် နေရသည်ဟု ကရင်နီပြည်အစိုးရ ပြည်ထဲရေး ၀န်ကြီးဌာနမှ အမှတ်( ၂ ) ခရိုင် တွဲဖက် အတွင်းရေးမှူး နဲနယ်ဦးက ပြောသည်။
၎င်းက “နှစ်ခေါက်တောင်မှ ဒီ ပထမတခေါက်က လူထုဆန္ဒခံယူပွဲ မတိုင်ခင်မှာ အဲမှာ တခေါက်လုပ်တယ် အဲဒီမှတ်ပုံတင်တွေက အခုသုံးလို့ မရတော့ဘူး သုံးလို့ မရတော့ အခု နောက်တခေါက် ထပ်ပြန်လုပ်တယ် အဲဒီဥစ္စာက မှတ်ပုံတင် တခုက သူတို့ တောင်ပေါ်မှာ လာလုပ်တာ ရ၀၀၀ တောင်းတယ်၊ ဒီရွာသားတွေက မလုပ်နို်င်ဘူးပေါ့နော် လုပ်နိုင်တဲ့ လူက အများအားဖြင့်ပါ တချို့လူက မြို့ထဲသွားချင်တဲ့ လူကျတော့ သူတို့ကြိုးစားပြီး လုပ်ကြတယ် သူတို့ကြွေးတွေ တော်တော်တင်တယ်” ဟုပြောသည်။
တခါတရံတွင် မလုပ်မနေရဟု ဆိုပြီး ပြည်သူများကို လုပ်ခိုင်းပြီး တချို့မှာ မြို့ထဲသို့ လွတ်လွတ်လပ်လပ် သွားချင်ကြသည့်အတွက် မှတ်ပုံတင်ကို လုပ််နေကြသည်။ ထိုအထဲတွင် တချို့သော မိသားစုမှာ လူဦးရေများသော်လည်း မြို့သို့ သွားလာရေး လုပ်ချင်သည့်အတွက် အိမ်မွေးတိရိစ္ဆာန်များ၊ ဥစ္စာပစ္စည်းများကို ရောင်းပြီး မှတ်ပုံတင်များ ပြုလုပ်ကြရသည်။
မှတ်ပုံတင်များကို ယခင်က ဖာဆောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ပြုလုပ်ပေးပြီး ယခုအချိန်တွင်မှာတော့ ကျေးလက်တောရွာများသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံလုပ်ပေးနေပြီး ကလေးငယ်များမှာ ကျပ် ၅၀၀၀ ပေးဆောင်ရပြီး လူကြီးမှာ ကျပ် ရ၀၀၀ ပေးဆောင်ရသည်။
“အခုက မှတ်ပုံတင်လုပ်တာက အခြားနိုင်ငံမှာက ၁၆ နှစ် ၁၈ နှစ် အဲလိုမျိုး အထိလုပ်ပေးတယ် မဟုတ်လား၊ သူတို့က ခု ၁၀ နှစ်ကနေ စလုပ်ပေးတယ်လေ ဆယ်နှစ်ကနေ စလုပ်ပေးတယ်။ အဲဒါကို သူတို့က ကျနော် သတင်း ကြားတာက တကယ့် သူတို့က ဒီ ရိုးရိုးသားသား လုပ်ချင်တာ မဟုတ်ဘူး ဒီလာမယ့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် မဲဆွယ်တာပဲဖြစ်ရမယ် ” ဟု နဲနယ်ဦးက သူရဲ့ အမြင်သဘောထားကို ပြောသွားပါသည်။
ယခင် ၂၀၀၈ ခုနှစ် လူထုဆန္ဒခံယူပွဲ မတိုင်မှီတွင်လည်း မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ပြီး လူထုဆန္ဒခံယူပွဲပြီးသည့် နောက်တွင်တွင် ၎င်းမှတ်ပုံတင်များကို အသုံးပြုလို့ မရတော့ပဲဖြစ်နေသည်။ ထို့အပြင် ယခုလုပ်ဆောင်ပေးသော မှတ်ပုံတင်မှာလည်း အာမခံချက်မည်မျှ ရှိိနိုင်သည်ကို မသိရှိသေးဟု ဆက်လက်ပြောကြားသွားပါသည်။
ကရင်နီပြည်တွင် သာမက စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေများ အနက် ထိုင်း-မြန်မာ နယ်စပ်တဝိုက်ရှိ မွန်တိုင်းရင်းသားများကို စစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများက မေလ ၅ ရက်နေ့တွင် ကွင်းဆင်းပြုလုပ်ပေးနေသည်ဟု kaowao သတင်းဌာနတွင် ရေးသားဖော်ပြ ထားပါသည်။



