တစ်ပြည်လုံး အပစ်ရပ်ရေး KNU အရေးပေါ် အစည်းအဝေး စတင်ကျင်းပ

တစ်ပြည်လုံး အပစ်ရပ်ရေး KNU အရေးပေါ် အစည်းအဝေး စတင်ကျင်းပ
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကရင်အမျိုးသမားအစည်းအရုံး (KNU) ဗဟိုကော်မတီ၏ အရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်တွင် ကရင်ပြည်နယ် ဘားအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ရ နယ်မြေ လောခီးလာတွင် စတင်ကျင်းပနေသည်ဟု KNU ၏ ဗဟိုပြန်ကြားရေး တာဝန်ခံ ပဒိုစောလှထွန်းက မဇ္စျိမကို ပြောသည်။

“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ KNU ရဲ့ ဆောင်ရွက်နေတဲ့ အခြေအနေ၊ အဲဒီကနေ ရရှိလာတဲ့ အစိုးရနဲ့ ဒုတိယအကြိမ်တွေ့တဲ့ နောက်ပိုင်းဆက်လက် ဆွေးနွေးရမယ့် အကြောင်းအရာတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးနိုင်ဖို့ တစ်ဖွဲ့ချင်းစီရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးမယ်”ဟု KNU ၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ပဒိုစောလှထွန်းက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်က KNU ခေါင်းဆောင်များသည် သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံ၍ လာမည့် သြဂုတ်လတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် သဘောတူခဲ့သည်။

လာမည့် ဇူလိုင်လ ၂၄ မှ ၂၆ ရက်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပမည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် သဘောထားများကို ဆွေးနွေးဆုံး ဖြတ်မည်ဟု ပဒိုစောလှထွန်းက ပြောသည်။

ဇူလိုင် ၁၄ရက်တွင် စတင်ကျင်းပသည့် အရေးပေါ်အစည်းအဝေးကို အနည်းဆုံး ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး KNU ဥက္ကဋ္ဌ အပါအဝင် ဗဟိုကော်မတီဝင်များနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ စုစုပေါင်း ၃၅ ဦး တက်ရောက် ဆွေးနွေးနေသည်ဟု သူက ဆိုသည်။ အရေးပေါ် အစည်းအဝေးမှ တစ်ဆင့် လိုင်ဇာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ် များကိုလည်း ရွေးချယ်သွားမည်ဟု သိရသည်။

Most read this week