မြန်မာနိုင်ငံတွင် နိုင်ငံရေးအေးချမ်းမှု၊ ငြိမ်းချမ်းမှုရှိမလာသေးသရွေ့ ကာလပတ်လုံးပြည်တွင်းရှိ အိုင်ဒီပီ ခေါ် ရွာပုန်းရွာရှောင်များ ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ဆက်လက်ရှိ နေဦးမည့် အခြေအနေမှာ ရှိနေကြောင်း ပြည်တွင်းဌာနေစွန့်ခွာသူများကို စောင့်ကြည့်လေ့လာသည့် အဖွဲ့ကပြောသည်။
အိုင်ဒီပီလျှော့ကျသွားခြင်းရှိ၊ မရှိ၊ အိုင်ဒီပီတို့၏အခြေအနေများနှင့် ပတ်သက်ပြီး့ ပြည်တွင်းဌာနေ စွန့်ခွာသည့်လူများ ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်တဦးဖြစ်သည့် ဆရာ စတစ်ဖ်က ယခုလို ပြောပါသည်။
“လျှော့သွားတာတော့သိပ်မရှိပါဘူး တိုးလာတာလည်းသိပ်မရှိဘူး။ အိုင်ဒီပီ ထွက်ပြေးသွားတဲ့ လူတွေကလည်း ဟိုနေရာကိုပြောင်းလိုက် ဒီနေရာကိုရွေ့လိုက်နဲ့ အဲဒီလိုဖြစ်နေကြတယ်။ ဆိုတော့လူဦးရေကတော့ တက်ကျသွားတာ သိပ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိုင်ဒီပီ ဖြစ်တာ အခုမှ ဖြစ်တာမဟုတ်ဘူးလေ ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ -၃၀ ကတည်းက အိုင်ဒီပီ ဖြစ်နေတာ။ ဖြစ်ပြီးတော့ တနေရာနဲ့ တနေရာပြောင်းရွေ့လိုက် တော်ကြာနည်းနည်း ပြန်ငြိမ်လိုက် နောက်ဟိုနေရာကိုသွားပြောင်းလိုက်၊ ပြန်ပြေးလိုက်နဲ့ အဲဒီလိုမျိုး ဖြစ်နေတယ်။ ဒီအဖြစ်အပျက်ကြီးကတော့ တိုုင်းပြည်မှာ ငြိမ်းချမ်းရေးမရသ၍ကတော့ ဒီအတိုင်းပဲ နေနေရမှာပဲ” ဟုပြောပါသည်။
စစ်ပွဲကြောင့် နယ်စပ်ဘက်ကို ထွက်ပြေးလာသည့် အိုင်ဒီပီများရှိသလို စစ်ပွဲ၏အကျိုးဆက်ကြောင့် ထွက်ပြေးလာရသည့် အိုင်ဒီပီများလည်း ရှိပါသည်။ သို့သော်လည်း ကရင်နီပြည်နယ်နှင့် နယ်စပ်ဆက်နေသည့် ကရင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကြောင့် ကြီးကြီးမားမား ထွက်ပြေးလာသည့် အိုင်ဒီပီများ မရှိသေးပဲ၊ မြေသြဇာမကောင်းသည့်နေရာများမှ မြေသြဇာ ကောင်းသည့် နေရာဒေသဘက်သို့ ပြောင်းရွေ့ခြင်း၊ နယ်မြေများကို စွန့်ခွာပြီး တောင်ယာလုပ်ကိုင် စားသောက်နိုင်သည့် နေရာသို့ စုစည်းနေရခြင်း၊ ထိုကဲ့သို့ စုစည်းနေရခြင်းကြောင့် အစာရေစာ နည်းပါးခြင်းများ၊ အစာရေစာ ပြတ်လပ်မှုများ ရှိလာသည့်အတွက် တစ်အိမ်ထောင်၊ နှစ်အိမ်ထောင်ခန့် ထွက်ပြေးလာသည့် အိုင်ဒီပီများရှိပြီး အလုံးအရင် ထွက်ပြေးလာ ခြင်းများမရှိဟု ဆရာ စတစ်ဖ်က ဆက်လက်ပြောပြသွားပါသည်။
ထိုအတွက်ကြောင့် ယခုတလော နယ်ခြားသို့ထွက်ပြေးလာသည့် အိုင်ဒီပီများဆက်ရှိနေပါသေးသည်။
“တချို့က တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့လူတွေ ရှိတယ်။ ဝေါလခီးဂွင် အဲဒီဘက် က တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ လူတွေ့တယ်။ နောက်ပြီးတော့ ဖအံခရိုင်မှာ ရွာသားတွေထွက်လာတာ ရှိတယ် သူတို့က တော့ တိုက်ပွဲကြောင့် ထွက်ပြေးလာရတာ မဟုတ်ပဲနဲ့ ဟိုမှာရွာတွေကို အတင်းအဓမ္မထွက်ပြေးခိုင်းတယ် ပြီးတော့ ခြိမ်းခြောက်ခံရလို့ ဆိုပြီးတော့ ထွက်လာတဲ့လူတွေရှိတယ်။ ဒီဖာအံခရိုင်မှာ ဒီကေဘီအေနဲ့ နအဖတပ်တွေ စုပေါင်းတပ်တွေက ပဲ သူတို့ကိုခြိမ်းခြောက်တာရှိတယ် အဲဒါကြောင့် ရွာသားတွေ ခြိမ်းခြောက်ခံရပြီး ထွက်ပြေးလာတာရှိပါတယ်။” ဟုဆရာစတစ်ဖ် ဆက်ပြောသွားသည်။
အလားတူဘဲ ကရင်နီပြည်နယ်မှာလည်း စစ်ပွဲကြောင့် နယ်စပ်ဘက်ကို ထွက်ပြေး ရောက်ရှိလာသည့် အိုင်ဒီပီများရှိပြီး ဆင်းရဲမွဲတေမှုနှင့် အစားအစာငတ်မွတ်မှုကြောင့် ထွက်ပြေးရောက်ရှိလာသည့် အိုင်ဒီပီများရှိသည်ဟု ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာန ( KSWDC ) မှ ဒါရိုက်တာ ခူဖဲဘူး ကပြောပါသည်။
“ကျနော်တို့ စစ်တမ်းကောက်ခံ ရရှိခြင်းအရဆိုရင်တော့ အဆိုးဆုံးရယ်လို့ ဖါဆောင်းမြို့နယ် မော်ချီးသေဒနဲ့ ရှမ်းတောမြို့နယ် မြောက်ပိုင်းမှာ ဖြစ်တယ်။ လူဦးရေအရနဲ့ဆိုတော့ ရှာတော မြို့နယ်ဖက်မှာဆိုရင် နည်းလာပါပြီလို့ ဆိုပေမယ့် လူဦးရေအားဖြစ် တော့ ၂၀၀၀ ကျော်ရှိပါသေးတယ်။ ” ဟုဆိုသည်။
ယခုနှစ် ၂၀၀၉ ခု ဧပြီလတွင်းတွင်လည်း စစ်အစိုးရနှင့် ကရင်နီတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပြည်တွင်းမှ အိုင်ဒီပီ ၁၆၃ ဦး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင်းသို့ ရောက်ရှိလာပါသည်။ သည့်အပြင် ကရင်ပြည်နယ်တွင်လည်း ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ စစ်ကြောင့် နယ်စပ်ဒေသဘက်သို့ ထွက်ပြေးလာသည့် လူဦးရေ ပျမ်းမျှအားဖြင့် တထောင်ကျော်ခန့် ရှိသွားပြီဟုသိရသည်။



