ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုးဆဲ နိုင်ငံများအပေါ် စီးပွားရေး ပိတ်ဆို့ခြင်းသည် ဖွ့ံဖြိုးဆဲ နိုင်ငံများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်ပေါက်လာရန် အထောက်အကူ မပြုစေကြောင်း မြန်မာ နိုင်ငံခြားရေဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ဝင်းက ပြောသည်။
ဧပြီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျူးဘားသမ္မတနိုင်ငံ ဟာဗားနာမြို့၌ ကျင်းပခဲ့သော ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ညှိနှိုင်းရေးဗျူရို ၀န်ကြီးများ အစည်းအဝေးတွင် ပြောကြားလိုက် ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားပါ သည်။
ကမ္ဘာတဝှမ်းရှိ နိုင်ငံတိုင်းတွင် ကမ္ဘာ့ဘဏ္ဍာရေးနှင့် စီးပွားရေး အကျပ်အတည်းကြောင့် ပြည်တွင်းမှ ထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် ပြည်ပသို့ တင်ပို့သော ကုန်ပစ္စည်း ပမာဏများသည် သိသာထင်ရှားစွာ ကျဆင်းလျက်ရှိသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဖွံ့ဖြိုးပြီးသော နိုင်ငံအချို့သည် စီးပွားရေး အကျပ်အတည်းကို အကြောင်းပြ၍ ဖွ့ံဖြိုးဆဲ နိုင်ငံများ ၏ တင်ပို့သည့် ကုန်ပစ္စည်းများကို တားဆီးကန့်သတ်မှုများ ပြုလုပ်ခြင်းသည် ကမ္ဘာ့ကုန်သွယ်မှု နှင့် မျှတမှု မရှိကြောင်း ဆိုသည်။
ထို့အပြင် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကို အခွင့်ကောင်းယူ၍ ဒီမိုကရေစီနှင့် လူအခွင့်အရေးကို အကြောင်းပြကာ တတိယကမ္ဘာနိုင်ငံများအပေါ် နိုင်ငံရေး ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ကန့်သတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ကြောင်း သူက ဆက်ပြောသည်။
သို့ရာတွင် မြန်မာစစ်အစိုးရက အနောက်နိုင်ငံများနှင့် နိုင်ငံတကာ၏ စီးပွားရေး အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားရန် ယင်းကဲ့သို့ အမြဲတမ်း ပြောဆိုလေ့ရှိသည်ဟု မြန်မာနိုင်ငံရေး လေ့လာသူ တစ်ဦးက ပြောသည်။
စီးပွားရေး ပိတ်ဆို့ခြင်းသည် ဖွံ့ဖြိုးနေဆဲ ဖြစ်သော နိုင်ငံများအတွက် ၎င်းတို့၏ စီးပွားရေး များကို တစ်စုံတစ်ရာ ထိခိုက်နိုင်သော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်ပေါက်လာ ရေးအတွက် အထောက်အကူ မပြုခြင်းနှင့် မသက်ဆိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးဝင်မင်း က ပြောသည်။
“အနောက်နိုင်ငံက ပိတ်ဆို့မှုကြောင့် မြန်မာဒီမိုကရေစီအရေးကို အဟန်းအတန်း ဖြစ်စေတယ် ဆိုတာ အဲဒါက ဒါရိုက် မပတ်သက်ဘူးလို့ ထင်တယ်၊ အနောက်နိုင်ငံတွေက ဘယ်လောက်ပဲ ပိတ်ဆို့ပိတ်ဆို့ အဲဒါ သက်ဆိုင်ရာ မြန်မာစစ်အစိုးရက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကောင်းအောင် လုပ်ချင်ရင် လုပ်လို့ ရတာပဲ၊ မြန်မာအစိုးရအပေါ် အများကြီး မူတည်ပါတယ်၊” ဟု သူက ပြောသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ သက်ဆိုင်ရာ အစိုးရများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အများအပြား မဆောင်ရွက်နိုင်ကြသော်လည်း စီးပွားရေး ဦးမော့လာရေးအတွက်် ပြည်သူများ အား လွတ်လွတ်လပ်လပ် စီးပွားရေးများ လုပ်ခွင့်ပေးလျှင် အနောက်နိုင်ငံများ ကလည်း နိုင်ငံရေးအရ ဖိအားပေးခြင်းသည် နည်းနေကြောင်း ဦးဝင်မင်းက ဆက်လက်ပြောကြားသွားပါ သည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ညှိနှိုင်းရေးဗျူရို ၀န်ကြီးများ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ (၁၁၉) နိုင်ငံ၊ လေ့လာသူ (၁၄) နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (၆) ဖွဲ့နှင့် အထူးဖိတ်ကြားထားသည့် (၂၉) နိုင်ငံတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၇၀၀) တက်ရောက်ခဲ့ကြ သည်ဟု မြန်မာ့အလင်းတွင်ရေးသားဖော်ပြထားပါသည်။



